Wednesday, October 1, 2008

treasure of my life, poems from my heart - - 33

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၃)

၁။
ပါရီက ကိုကို
ဂျာမနီက ပျိုပျို
လာပြီဗျဆို
ဗမာပြည်က ညိုညို
သာစည်ကကြို။

ကဗျာတပုဒ်ရယ်လို့ ဖွဲ့လိုက်တာ မဟုတ်ပါဘူး။ တလောက ပါရီရောက်လိုက်၊ ဂျာမနီရောက်လိုက်နဲ့မို့ အမှတ်တမဲ့ပေါ်လာတဲ့ နဘေကာရန်ကလေးတွေပါ။ ဒီလိုအစပ်အဟပ် နဘေထပ်ကလေးတွေဟာ အခွင့်သာရင်သာသလို ပေါ်တတ်စမြဲပါ။ မြန်မာတို့ရဲ့ အလေ့တခုလို့ ပြောနိုင်ပါတယ်။ ပြုံးဖွယ်ပျော်ဖွယ် ကာရန်အတိုအထွာကလေးများလဲ တချက်တချက် လက်ခနဲဝင်းခနဲ ပေါ်တတ်ပါသေးတယ်။

အမေရိက၊ အင်ဒီးယားနားပြည်နယ်၊ ဖို့တ်ဝိန်းရောက်စဉ်က အဲဒီမှာ ကဗျာဆရာ မောင်စိုးချိန်၊ ဆရာ မောင်စွမ်းရည်နဲ့ ဆရာမောင်သစ်ဆင်းတို့ အတူနေကြပါတယ်။ စာဝိုင်း ကဗျာဝိုင်းဖွဲ့မိရာက ဒေါ်မာမာအေး ရောက်လာပြန်တော့ ဂီတသီချင်းကိစ္စတွေလဲ ပြောကြဆိုကြနဲ့ သောသောညံသွားပါတော့တယ်။ အဲဒီမှာ စိန်အောင်မင်း သီဆိုဓာတ်ပြားသွင်းခဲ့တဲ့ “ကိန်းကျပ်ကျပ် နုံဘိန်းပတ်ပတ်ဗုံ” မြေ၀ိုင်းသီချင်းအကြောင်း စကားစပ်မိကြပြန်ပါတယ်။ ဒီတော့ …

“မိုးတိမ်ပြာကမှောင်
ပုဆိုး၊ ထမိန်ပ၀ါက မရှောင်
သူခိုးကလိန် ပါသမျှပြောင်
စိုးချိန် အာကအကောင်” လို့ …
စပ်မိစပ်ရာ လက်တန်းဆိုလိုက်မိတာနဲ့ ၀ါးခနဲပွဲကျသွားခဲ့ရတယ်။ ကိုစိုးချိန်ကအိမ်ရှင်ပါ။ သူကျွေးတာ မွေးတာ စားသောက်ပြီး မျက်နှာနာပေမဲ့ ကာရန်က အားမနာပါးမနာထွက်လာတော့ မနဲတောင်းပန်ရ ပါတယ်။ မြန်မာ့ကာရန်ဓလေ့ကိုသိပြီးသား ကဗျာဆရာမို့ ရယ်ရယ်မောမောနဲ့ ခွင့်လွှတ်နိုင်ခဲ့ပါတယ်။

(၂)
မြန်မာဘာသာစကားဟာ တလုံး၊ တသံ၊ တနက်ထွက်တဲ့ ဧက၀ဏ္ဏ ဘာသာစကားပါ။ မြန်မာဘာသာ စကားရဲ့ အခွင့်သာမှုကြောင့် ကာရန်ကြွယ်ကြွယ် စပ်ဆိုကစား ဉာဏ်ရည်ပွားနိုင်တဲ့ အခွင့်ထူးကို ရရှိ ပါတယ်။ ဒါကြောင့် …

“သစ်ပင်ခွကြား၊ မြက်ထုံးထား
ငါ့နွား ဘယ့်နှယ်စားပါ့မယ်။
ယောက္ခမရှေ့ထား၊ ကိုယ့်ရည်းစား
စကား ဘယ့်နှယ်ပြောပါ့မယ်။”
စတဲ့ သူငယ်ဘာဝ စကားထာဝှက်တမ်း ကစားတာကအစ …

“စံပယ်ပန်း တခက်နှစ်ခက်
မပြယ်တမ်း တသက်နှစ်သက်”
“ကျွန်းတုန်း ကြောက်လျှောက်
လွမ်းတုံး မောင်ရောက်”
“ပ၀ါပါး၊ ကြက်သားထုပ်တော့
စွန်းတတ်တယ်။
တရွာသား၊ ရည်းစားလုပ်တော့
လွမ်းတတ်တယ်”
“တမာသား ကျည်းသားခုတ်တော့
ကျိုးတတ်တယ်။
တရွာသားရည်းစားလုပ်တော့
ပိုးတတ်တယ်။”
“ဇာခြင်ထောင် မီးလောင်ပေါက်ကယ်
မလာချင် ညည်းမောင်
ကြောက်တယ်”
“အဖိုးကြီးကြိုက်တဲ့ကောင်မလေးရယ်
ကိုးမီးရိုက်လို့ မောင်ကကျွေးမယ်”

ဒီလိုနဲ့ ဘ၀တသက်တာလုံး ကာရန်တွေ နဘေတွေသုံးပြီး ပျော်တပြုံးပြုံးနေခဲ့ကြပါတယ်။ ဒီအထိ ကာရန်လေ့တဲ့ လူမျိုးပါ။

(၃)
အဲဒီအမျိုးသားဓလေ့ကို အခြေခံပြီး ကြီးကျယ်တဲ့ကဗျာဉာဏ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါ …

“ကောင်းကျိုးအထွေထွေနဲ့
ချွန်စေ မြစေစော။
ဒေါင်းအိုးဝေရယ်လို့
တွန်စေ ကစေသော။”

လို့ ဆိုတဲ့ မျိုးချစ်ကာရန်တွေ ရေတံခွန်က စွေသွန်လိုက်သလို စီးကျလာပါတော့တယ်။ အဲဒါကတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းပါ။

“သပြေနုချိန်
တင်ရန်ပန်းတွေကလဲ များပါဘိ။
ဖေပုရှိန်
အင်္ဂလန်နန်းမြေသွားတို့ကိုလ“။
ထေရ်အရဟံ
ဘိက္ခုဓာတ်သဘောတွေနဲ့
စီရံ တိဋ္ဌတု သဒ္ဓမ္မော။”
“ဥုံအရဟံ သစ္စာကတိတွေနဲ့
ဂဠုန်သရဏံဂစ္ဆာမိကြပေတော့”။
“တောင်တမန်းမြို့
နေလနှစ်ဆောင် အညှိုးတွင်ဖြင့်
အောင်ဆန်းတို့
ရွှေလရောင်အဖိုး”။
“မင်းတို့ဉာဏ်အမြင်
တမိုက်တထွာမျှရယ်နဲ့
ငြင်းဖို့သန်လျှင်
မိုက်ရာကျပေလိမ့်”။ စသဖြင့် … စသဖြင့်။

အလွန်ကြွယ်ဝတဲ့ ကဗျာဉဏ်နဲ့ နိုင်ငံလွတ်လပ်ရေးကို အလုပ်အကျွေးပြုခဲ့ပါပေတယ်။

(၄)
ဆရာကြီးမှိုင်းရဲ့ မန်ကျည်းရွက်သပ် နဘေထပ် ကာရန်ကြီးများကို အားကျကြည်ညိုပြီး တေးဂီတ ဖွဲ့ဆိုသူကိုလဲ သတိရမိပါရဲ့။ သူကတော့ ရုပ်ရှင်မင်းသား၊ ဂီတစာဆိုမြတ်လေး။ သူလဲ နဘေကာရန် အလျှံအပယ်သုံးပြီး တေးသီချင်းတွေ သီကုံးခဲ့တယ်။

“လွတ်ကြောင်းအမြဲမျှော်
အစစညီမျှ ညီလိုပေ
ခွပ်ဒေါင်းရဲဘော်
မမ ညီမ ညီအကိုတွေ …။”
“အလှဘုရားမလေး
လိုရာဖက် လိုရာဖန်
ကပြားမလေး
ညိုပြာညက် ဂိုယာရမ်”။
“လူ့လောကဟန်ပန်အရေးနဲ့
ပျမ်းမျှကြေးအဖြေ
ဥရောပဆန်ဆန်တွေးတဲ့
ရှမ်းမလေးရေ …။”
“ဘ၀င်မှာ တုန်စရာ့
စက်လှုပ်ပျံကစား
မင်္ဂလာဒုံက လုပ်ခုပ်သံများ။”
“ကမ္ဘာတုန်ရမဲ့ ကြီးမားချက်ဗဟို
ရတနာပုံအလှရဲ့
သီးခြားတက္ကသိုလ် ပျို”။

ဒီလို ဒီလိုနဲ့ ခေတ်စာဆိုတွေကလဲ ကာရန်မဲ့တွေ ဘာတွေရေးနေရင်းက ၁၉၈၈ ခု “ငြိမ်ပိ”
ပေါ်လာတော့ …

“အချိန်မရှိ လမ်းပြင်၊ ကလိန်စေ့ငြမ်းဆင် ငြိမ်ပိလမ်းစဉ်“ လို့ ထိထိမိမိ အုပ်ထည့်ခဲ့ကြတယ်။ ကျောင်းသားတွေရဲ့ အာဝဇ္ဇန်းဉာဏ်ရွှင်ပုံပါ။

ကျွန်တော်လဲ မနေနိုင်။ ဒီပဲယင်းအရေးပေါ်လာတော့ …
“ခေတ် သူခိုး ဒမြ၊ စစ်အစိုးရရဲ့
ညစ်မျိုးအ၀၀ကို နှစ်တရာမက
အခင်အမင်သုဉ်းပါဘိ ရှစ်ကမ္ဘာတမျှ
မမြင်ချင်အောင်မုန်း” လို့ရေးမိပါတယ်။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၂၃)၊ သြဂုတ် ၂၀၀၃



No comments: