Friday, November 10, 2006

Burmese Literature in Mandalay University

မန်းတက္ကသိုလ် စာပေရုပ်ပုံလွှာ
တင်မိုး

မန္တလေးတက္ကသိုလ် စာပေလှုပ်ရှားမှုအကြောင်းကို အမှတ်တရ ရုပ်ပုံလွှာ သ ပါရစေ။

“မန္တလေး”ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယမြို့တော်ပါ။ ဒါပေမဲ့ ကုန်းဘောင်ခေတ်ရဲ့ နောက်ဆုံးမင်းဆက် ထီးနန်းစိုက်ထူရာ မင်းနေပြည်တော်ဖြစ်တဲ့အတွက် ရှေးဟောင်းနေပြည်တော်အဖြစ် နာမည်ကြီးပါတယ်။ ဗြိတိသျှ စာဆိုတော်ကြီး ရုဒယဒ် ကစ်ပလင်း (Rudyard Kipling) ရဲ့ မန္တလေးသို့သွားရာလမ်း ကဗျာကြောင့်လဲ နိုင်ငံတကာက ပိုမိုစိတ်ဝင်စားကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေ အဖို့တော့ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ တခမ်းတနားနေခဲ့ရတဲ့ ဘ၀မို့ “မန္တလေး” လို့ အသံကြားရုံမျှနဲ့ သခင်ဘ၀ကိုသတိရပြီး မျိုးချစ်စိတ်ဓာတ် နိုးကြွလာတာ အထင်အရှား ဖြစ်ပါတယ်။

လက်တွေ့မျက်မြင်အားဖြင့်လဲ နန်းတော်နဲ့ ကျုံးနဲ့ ပစ္စင် ပြအိုး မြို့ရိုးကြီးနဲ့မြင်နေရတုန်းဆိုတော့ ရွှေပဟိုရ်စည်တော် ရွမ်းသံကြားပြီး လွမ်းစိတ်ပွားလေ့ ရှိပါတယ်။

နန်းမူနန်းရာ အငွေ့အသက်တွေ၊ မန္တလေးမြို့ပြတည်ဆောက်ပုံတွေကြောင့် မြန်မာ့အငွေ့အသက် မွှေးထုံနေတဲ့ ဂုဏ်ကြောင့်လဲ ရတနာပုံ ရွှေမြို့တော်ကြီးဟာ အကျော်ဒေယျ ထင်ပေါ်လှခြင်း ဖြစ်ပါတယ်။

ခြူးသန်းနဲ့ဘုံပျံ၊နတ်ဝိသုကံဖန်သလိုပင်
အံ့ဖွယ်ဘနန်း၊ရွှေတောင်နန်းသစ်လွင်
ထောင့်နှစ်ရာ့နှစ်ဆယ်၊စွန်းတစ်ပြည့်မြောက်ကဆုန်တွင်
ကုန်းဘောင်နွယ်ဘုန်းမြို့တည်မင်းတုန်းဘုရင်
အနောက်ဝယ်ရစ်ခွေ၊ဧရာမြူးရွှင်၊အေးမြမြကြည်လင်
တောင်တော်မန်းဦး၊ပျံ့ပျူးသာမြေပြင်လို့မန္တလေးသား ဂီတစာဆိုကျော် အလင်္ကာကျော်စွာ ဆရာ မြို့မငြိမ်းကလဲ ကိန်းခန်းသိုက်ဝင် မန္တလေးမြေပြင်ကို “နန်းမြို့တော်” သီချင်းနဲ့ တခမ်းတနား စာဖွဲ့ခဲ့ဖူးပါတယ်။

ပြီးတော့ ကမ္ဘာအရှည်တည်မဲ့ မန္တလေးတောင်တော်ကြီးကလဲ ဟိန်းဟိန်းမားမား။ “အသက်ကလေး ရယ်တဲ့ရှည်စေလို၊ မြနန္ဒာရေညိုသန်းတယ် မန်းတောင်ရိပ်ခို” ဆိုတဲ့ တေးတဘောင်ကလဲ မြန်မာနိုင်ငံသား တွေနှလုံးကို သိမ်းကျုံးလှုံ့ဆော် နေလေတော့ “မန္တလေး” ဆိုတဲ့အသံဟာ နားဝင်ပီယံ ချိုတေးသံတပုဒ် ဖြစ်နေရတော့တာပေါ့။

ဒါကြောင့် မန္တလေးဟာ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာစာပေနဲ့ သာသနာထွန်းလင်းရာအရပ်လို့ ခံယူထားပြီး ဖြစ်ပါတယ်။ ဒီလိုခံယူချက်တွေ ကိန်းအောင်းနေလို့လဲ “အညာဂုဏ် စာစုံ အာရုံပျို့တော့၊ ရတနာပုံမြို့က တက္ကသိုလ်” ၊ “နံ့သာမွှေး မြပန်းတခက်လို အညာကျေးက မန်တက္ကသိုလ်” လို့ ဖန်မီးအိမ် ကဗျာစာအုပ်မှာ ဂုဏ်ယူပြီး ကျွန်တော် ဖွဲ့ဖြစ်ခဲ့ခြင်း ဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်ရဲ့ စာပေမျိုးစေ့အစကတော့ ဆရာဇော်ဂျီပါ။ ဆရာဟာ ၁၉၃၆ ခုနှစ်မှာ မန္တလေးတက္ကသိုလ် မြန်မာစာ ဌာနမှာ ဆရာအဖြစ် ရောက်ရှိခဲ့ပါတယ်။ အဲဒီတုန်းက ခေတ်စမ်းစာပေ ပျိုးခင်း ပျိုးခါစမို့ ခေတ်စမ်းကဗျာဟာ အညွန့်ပေါက် အညှောက်ထိုးလို့ဖြိုးဖြိုးဝေေ၀ဖြစ်စကာလ။

အရှေ့လားသော် ...
တာနားရွာငယ်၊အောင်ပင်လယ်တည့်။
အနောက်လားသော်
မြတ်ဖျားရှင်ပင်၊မုနိရှင်တည့်။
တောင်သို့လားသော်
တံတားသာဟန်၊တောင်သမန်တည့်။
မြောက်သို့လားသော်
နွမ်းပါးယွင်းယို၊ရွှေနန်းအိုတည့်။
သိပ္ပံမြေအား၊ဗဟိုထား၍
ငါကားတုံ့ခေါက်၊ထောင့်တိုင်းရောက်သည်
စိတ်နောက်ကိုယ်ပါမိသည်လေး
ရွှေမန်းယခင်ရှေး - တဲ့။

ဆရာဇော်ဂျီက ကိုယ့်ဘုရင် ကိုယ့်သခင်နဲ့နေခဲ့ရတဲ့ ရွှေမန်းမြေရဲ့ အတိတ်ကိုလွမ်းရင်း ... နန်းတော်ပစ္စင် ပြအိုးတို့ဟာ သူ့ကျူံးမှာကြာမပျော်၍ “ပြာသာဒ်တော်ခြေထော့ကျိုး နဲ့၊ ညှိုးခဲ့ရပုံ” ကို သတိပြုမိခဲ့တယ်။

ဆရာဇော်ဂျီရဲ့စာတပည့်တွေထဲက ဂန္ထလောကမဂ္ဂဇင်းမှာ “မင်းအောင်” နာမည်နဲ့ရေးတဲ့ ဆရာဦးမောင်မောင်တင်တို့ ပေါ်ပေါက်ဖူးပွင့်လာခဲ့တယ်။ ဒုတိယကမ္ဘာစစ် ပြီးစမှာတော့ ကျောင်းအုပ်ကြီးကလဲ ဇေယျာမောင် ခေါ် ဦးကိုလေး၊ ပါဠိပါမောက္ခဆရာမကြီး ဒေါ်အုန်းကလဲ မအုန်း - အမ်အေ အမည်နဲ့စာရေးသူ၊ စိုက်ပျိုးရေးတက္ကသိုလ်က ဆရာကြီး ဦးလှအုန်း၊ ဆရာဦးအောင်သိန်း (ခေါ်) ရွှေကျေး (မန်းတက္ကသိုလ်)၊ မြန်မာစာဌာနမှူး ဆရာဦးတိုးအောင် (ခေါ်) ကုသ၊ နောင်အခါ ဆရာဦးတိုးအောင်ကို ဆက်ခံတဲ့ ဆရာဦးချမ်းမြ (ခေါ်) မြကေတုနဲ့တကွ စာပေပညာရှင်များ မြိုင်မြိုင်ဆိုင်ဆိုင် စာပေပို့ချရာ တက္ကသိုလ် ဖြစ်လာပါတယ်။

ဗိုလ်မှူးဘသောင်း (ခေါ်) မောင်သုတလို့ နောင်အခါ စာပေလောကမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကလဲ တကျွန်းသို့ မှတ်တမ်းဆရာ ဦးဘသောင်းဘ၀က မန်းတက္ကသိုလ် မြန်မာစာဌာနမှာ စာပေပို့ချသူ ခေတ်စမ်း ဆရာ ဥယျာဉ်မှူးတဦးဖြစ်လာပါတယ်။

“ကာဝိယ၀ါစီ သျှင်ဉာဏိဿရ” ဆိုတဲ့ဘွဲ့နဲ့ ဂျာနယ်ကျော်မှာ လက်စွမ်းထက်ခဲ့တဲ့ လူထုသတင်းစာနဲ့ ဂျာနယ်အယ်ဒီတာ ဆန်းထွန်းဆိုတဲ့ ပုဂ္ဂိုလ်ကလဲ “ဉာဏိဿရနီတိ” “ဗုဒ္ဓအမြင်” “ဗော်လဂါမှ ဂင်္ဂါသို့” စတဲ့ ကျမ်းကြီးကျမ်းငယ်တွေကို ပြုစုပြီးနောက် မန္တလေး တက္ကသိုလ်ရင်ပြင်မှာ စာသဘင်ကျင်းပလိုတဲ့ စေတနာနဲ့ မြန်မာစာဆရာတဆူ ကျောက်စာတိုင် ထူလို့ လာပါတယ်။

“ ပြု၍မရွှင်၊ ပြင်၍မလန်း၊ လက်လွန်ပန်း” “လွမ်းလည်းလွမ်းချင်၊ မလွမ်းချင်နှင့် လွမ်းလျှင်ကြေကွဲ၊ လွမ်းရမြဲ ” စိတ်ပညာ ဌာနမှာလဲ ဦးခင်မောင်တင့်ဆိုတဲ့ ဌာနမှူးဆရာက တက္ကသိုလ်ဘုန်းနိုင် ကလောင်ဘွဲ့နဲ့ ကဗျာဝတ္ထု စာညွန့်တွေ ပြုစုလို့ စာဖတ်သူလူထုရဲ့ အချစ်တော်အဖြစ် ထင်ပေါ် ကျော်ကြားလာပြန်ပါတယ်။

မြန်မာစာဌာနက ဦးခင်မောင်အေး (ခေါ်) မောင်သောင်းကြည်၊ ဒေါ်စီစီဝင်း၊ ဒေါ်မိမိလေး၊ ဦးဘိုသင်း စသည်တို့ကလဲ ကလောင်ကွန့်ဆဲ စာပြုဆဲ ဆရာတွေပါ။

ဒေါက်တာမောင်မောင်ကတော့ အဲဒီအချိန်တုန်းက မန္တလေးတက္ကသိုလ် အင်္ဂလိပ်စာဌာန ဆရာဘ၀က ပညာတော်သင်ဘ၀ ပြောင်းပြီး London Diary စတဲ့ အင်္ဂလိပ်ဘာသာစာအုပ်များ ရေးသားပြုစ၊ Gurdian သတင်းစာတည်ထောင်မှုတွေ ပြုနေဆဲကာလ ဖြစ်မှာပါ။

အထူးသဖြင့် မြန်မာနိုင်ငံ သုတေသန စာစဉ်များအနေနဲ့ ဆရာမဒေါ်သန်းမေရဲ့ မင်းရဲဒိဗ္ဗဧချင်း၊ ဦးချမ်းမြရဲ့ နတ်သျှင်နောင် ရတုများ စတဲ့ ဂန္ထ၀င်စာစဉ်များကလဲ တအင်တအား တခမ်းတနား ထွက်ပေါ်နေဆဲ ဆိုတော့ စာသံပေသံ ခြိမ့်ခြိမ့်ညံလို့ ကောင်းသတင်းတွေလျှံနေဆဲလို့ ဆိုနိုင်ပါတယ်။

ကျောင်းသူကျောင်းသားတွေဖက်ကို ငဲ့စောင်းလို့ ကြည့်လိုက်တော့ သူတို့တတွေကလဲ “ခေသူ မဟုတ်” ဆိုတဲ့ အကျော်ဒေးယျတွေ ပါကလား။ အောင်သျှန် ဆိုတဲ့ ကျောင်းသား မြင်းမူ အလ္လကပ္ပသား။ အာဂ ကလောင် လက်ရာပြောင် သူပါတကား။ ဦးပုည လက်သစ်ကလေးလို့တောင် နာမည်သတင်း မွှေးလေရဲ့။ အောင်သျှန်၊ ကိုးမြင့်၊ တက္ကသိုလ် မောင်ထွန်းဝေ စတဲ့ စာပေသဘင်တွေစည်ဝေနေသတဲ့။

နောင်အခါ မြန်မာစာဌာန ကျူတာပေါက်စဘ၀မှာ မြန်မာ့လမ်းစဉ်သတင်းစာကနေပြီး ရွှေနားတော်သွင်း ရေးသားမှုနဲ့ ဟိုးဟိုးကျော်ခဲ့ရတဲ့ စာဆိုကျော် အောင်သျှန် တက္ကသိုလ်နိုင်ငံက ထွက်ခွာပြီး “မြတ်ရတနာ” မဂ္ဂဇင်း အယ်ဒီတာ စာရင်း ပေါက် ရဲရဲတောက်ဖြစ်ခဲ့ရသတဲ့။ သူရေးတဲ့ စာပန်းရဂုံ နဲ့ စာပေတရားခွင် စာအုပ်တွေက သူ့လက်ရာသက်သေတွေပါ။

ဒီအတွင်း မမျှော်လင့်တဲ့အရေးကိစ္စတရပ် ဖြစ်ပေါ်လာပါတယ်။ ဆရာအောင်သျှန်ရဲ့စာနဲ့ ပတ်သက်တဲ့ အရေးပါ။ မြန်မာ့ လမ်းစဉ်မှာ ဆရာအောင်သျှန်က ပင်တိုင်ဆောင်ပါးရှင် အဖြစ် ရေးနေကျပါ။

မန္တလေး တက္ကသိုလ်ဆရာများလောကမှာတုန်းက တပ်ဦးနဲ့ ဒီအက်စ်အိုဆိုတဲ့ ကျောင်းသားလှုပ်ရှားမှု ဂယက် ရိုက်ခတ် ခဲ့ပါသတဲ့။ များသောအားဖြင့် ဆရာလောကမှာ အစိုးရ (အထူးသဖြင့် ဆိုရှယ်လစ် ဦးကျော်ငြိမ်း) ပျိုးထောင်ထားတဲ့ ဒီအက်စ်အို အဖွဲ့အစည်းရဲ့ သြဇာညောင်းနေဟန် ရှိပါသတဲ့။ ကျောင်းသားထု အတွင်းမှာတော့ တပ်ဦးမှတပ်ဦး ဆိုတဲ့ အခါမဟုတ်လား။ တ-က-သ ရွေးကောက်ပွဲ တွေမှာဆိုရင် ဒီအက်စ်အိုဆိုတာ ခွက်ခွက်လန်အောင်ရှုံးလို့ ကျောင်းသားထုက ရွေးကောက်ပွဲညတွေမှာ ဆိုရင် “ဒီအက်စ်အိုတွေ ရှုံးကုန်ပြီ၊ မာမီနွဲ့ရေ ကယ်လှည့်ပါအုံး” လို့ လှောင်ပြောင်သံချပ်ထိုးပြီး အိုးစည် ဗုံမောင်းတွေနဲ့ တက္ကသိုလ်ဝင်းကြီးထဲမှာ ညလုံးပေါက်လှည့်ပြီး ကခုန်ပျော်မြူးကြတဲ့ကာလ မဟုတ်လား။

အော် ... မာမီနွဲ့ကိုယ်တိုင် ကြိုးကိုင်ထောက်ပံ့ထားတဲ့ ကျောင်းသားအဖွဲ့က ဒီအက်စ်အိုကိုး။ နအဖရဲ့အတွင်းရေးမှူး (၁) ဟောင်း၊ ဗိုလ်ချုပ်ခင်ညွန့် တို့တောင် ကျောင်းသားဘ၀က ဒီအက်စ်အို ကျောင်းသား ဆို ထင်ပါရဲ့။ ခရမ်းကိုတင်မောင်ဝင်း၊ သုံးခွရန်ကြီးအောင် (ခေါ်) ကိုစိန်ဝင်း တို့က တပ်ဦးကျောင်းသား ခေါင်းဆောင်တွေ တဲ့။ သုံးခွခရမ်း၊ ကျောက်တန်းသန်လျင် ဘက်က ကျောင်းနေဖက်သူငယ်ချင်းတွေလို့ ဆိုတာပဲ။ အတိအကျတော့ မသိပါဘူး။ ဒါပေမဲ့ ဗိုလ်ခင်ညွန့် တို့လက်ထက်မှာပဲ တကသတပ်ဦး ခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုတင်မောင်ဝင်းတို့၊ ရန်ကြီးအောင်တို့ ထောင်ထဲမှာ ဆုံးခဲ့ကြရတာ၊ အခု ထက်ထိ ဒေါက်တာသန်းငြိမ်းတို့ ထောင်သွင်းအကျဉ်းချ ခံထားတာကိုတော့ အားလုံးသိကြပြီးသားပါ။

ကျောင်းသားလောကမှာ မျက်နှာမလှတဲ့ ဒီအက်စ်အိုတွေဟာ ဆရာလောကထဲသို့ သြဇာအာဏာကို အသုံးပြုပြီး ထိုးဖောက် မွှေနှောက်ဖို့ ကြိုးစားလာပါတယ်။ သူတို့ခြေလှမ်းကို ခန့်မှန်းမိတဲ့ ဆရာအောင်သျှန်က ရွှေနားတော်သွင်း ဧချင်းရေးပြီး ကျောင်းအုပ်ကြီး ၀ဏ္ဏကျော်ထင် ဦးကိုလေးကို တိုင်တည်ဖွင့်ချပါတယ်။ “ အထင်ကရပေါ်လွင်တဲ့ ၀ဏ္ဏကျော်ထင်ဆရာ ခင်ဗျား ...” လို့ အစချီပြီး ဦးပုညလေသံနဲ့ အဖြစ်သနစ်ကို လှန်ပါတယ်။ အဆိုပါ ခြေရှုပ်နေတဲ့ ဆရာတချို့ကိုလဲ “စတိုင်ထုတ် အဲယားတွေကို အိုင်ဒုန့်ကဲယား” ပါတဲ့။

အဲဒီရွှေနားတော်သွင်း ထွက်ပြီးနောက် မန္တလေးတက္ကသိုလ် ဆရာလောက လှုပ်လှုပ်ရွရွ ဖြစ်လာပါတယ်။ ကျောင်းအုပ်ကြီး ဦးကိုလေးကို ဆရာအောင်သျှန်က တိုက်ခိုက်ပြီ လို့ သတင်းလွှင့်ကြပါတယ်။ ကျောင်းအုပ်ကြီးကလဲ သူစေတနာနဲ့ ပြုစု ပျိုးထောင်ခဲ့တဲ့ တပည့်က သူ့ကို စာနဲ့ပေနဲ့ တိုက်ခိုက်လေခြင်း၊ ရှက်လှချေရဲ့လို့ဆိုကာ ကျောင်းအုပ်ကြီးအဖြစ်က နုတ်ထွက်ပါတယ်။

အဲဒီအဖြစ်တွေ ဟိုးလေးတကျော် သတင်းစာတွေမှာပါလာတော့ မန္တလေးတက္ကသိုလ်ဆရာအားလုံးကလဲ တကျောင်းလုံး ကျောင်းမတက်ဘဲ ဆန္ဒပြပါတယ်။ ဆရာအောင်သျှန်က ဦးကိုလေးကို မရိုမသေရေးခြင်း မဟုတ်သော်လဲ ဆရာကြီး စိတ်ထိခိုက်သည့်အတွက် တောင်းပန်ကြောင်း၊ သူကလဲ မြန်မာစာဌာန နည်းပြအဖြစ်မှ နုတ်ထွက်ပါကြောင်း တိုင်းပြည်ကို ကြေညာလိုက်ပါတယ်။ တက္ကသိုလ်ဟာ ၂ ရက်ခွဲကြာမျှ ပိတ်ပြီး သပိတ်လှန်ခဲ့ပါတယ်။

ဆရာအောင်သျှန်ရဲ့ကလောင်ဟာ အလွန်ထင်ရှားကျော်ကြားသွားခဲ့ပါတယ်။ ဒါကြောင့် ဗမာ့ခေတ် ဦးအုန်းခင်က ဆရာ အောင်သျှန်ကို မြတ်ရတနာမဂ္ဂဇင်း အယ်ဒီတာခန့်ခြင်း၊ ဗမာ့ခေတ်သတင်းစာတွင် ပင်တိုင်ကလောင်အဖြစ် ရေးသားခွင့် ပေးခြင်းဖြင့် သူကောင်းပြုခဲ့ပါတယ်။

ကျွန်တော်တို့ခေတ် မန်းတက္ကသိုလ်စာပေလောကမှာတော့ တက္ကသိုလ်နွယ်ထွန်း၊ တက္ကသိုလ်ဝင်း၊ တက္ကသိုလ်မောင်ထွန်းဝေ တို့အပြင် မောင်ပေါက်စည်နဲ့ မောင်သာနိုး၊ မုံရွာကိုတင်ရွှေ စသည့် ကျောင်းသားခေါင်းဆောင်တွေဟာ ထင်ရှားတဲ့ စာပေ သမားတွေလဲဟုတ်ပါတယ်။ နောက် – တက္ကသိုလ်မောင်စောလွင်၊ ကိုခင်မောင် (ဥသျှာ) တို့လဲ ပါသေးတယ်။ တက္ကသိုလ် မောင်စောလွင်ကတော့ တကသဥက္ကဋ္ဌ အဖြစ်နဲ့လဲ ကျောင်းသားထုရဲ့ ကြည်ညိုမှုခံယူရသူတဦး ဖြစ်ပါတယ်။

မန္တလေးတက္ကသိုလ်ဟာ ယခင်အခါက “မြန်မာအသင်းကြီး” က ဦးဆောင်ပြီး စာပေလှုပ်ရှားမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့လက်ထက်ရောက်တော့ မြန်မာအသင်းကြီးလဲ ပြန်ဖွဲ့သံ မကြားရ တော့ဘူး။ ၅၇-၅၈ စာသင်နှစ်တွေကစပြီး မန်းတက္ကသိုလ်ကလောင်ရှင်အသင်းက စခန်းထလာတာကို တွေ့ရပါတယ်။

အဲဒီနှစ်ကာလတွေမှာ ရန်ကုန်တက္ကသိုလ်ကြီးကလဲ စာပေလှုပ်ရှားမှုတွေ တက်တက်ကြွကြွ လှုပ်ရှားနေတာ သတင်းစာ တွေထဲမှာ ဖတ်ရပါတယ်။ ရန်ကုန်တက္ကသိုလ်ကလောင်အသင်းကြီးက ကြီးမှူးပြီး တ-က-သ ခန်းမမှာ ရက်သတ္တပတ် စာတမ်းဖတ်ပွဲများ၊ ကျင်းပလာတာတွေ့ရပါတယ်။ ပါမောက္ခဦးမောင်၊ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ရှမ်းပြည်ဦးတင်ဧနဲ့ ဒဂုန်တာရာတို့ စာတမ်းဖတ်ပွဲများကလဲ အားရစရာကောင်း လောက်အောင် လှုပ်ရှားလာကြပါတယ်။ ပြီးတော့ ကလောင် အသင်းဥက္ကဋ္ဌ မင်းယုဝေ နဲ့ မောင်လင်းယုန်(ရှမ်းပြည်)၊ သိန်းသန်းထွန်း၊ သင်းအောင်၊ မေဇော်(ရန်ကုန်တက္ကသိုလ်)၊ မောင်ဆွေတင့် စတဲ့ ပုဂ္ဂိုလ်များရဲ့ ဦးစီးမှုနဲ့ ပုလဲပန်း စာစောင်လဲထုတ်ဝေလာပါတယ်။ ပညာရှင်ကြီးတွေရဲ့ စာပေစာတမ်း များ ကလဲ ကောင်းမွန်လှ ပါတယ်။

ဒီလိုစာပေစိတ်ဓာတ်၊ စာပေအရှိန်တွေတက်လာတဲ့ အချိန်မှာ မန္တလေးတက္ကသိုလ် ကလောင်ရှင်အသင်း ကလဲ နိုးနိုးကြားကြား ထထကြွကြွ ပြင်ဆင်လာပါတယ်။ ဥက္ကဋ္ဌ တက္ကသိုလ်ဝင်း၊ အတွင်းရေးမှူး မောင်သိန်းနိုင် ခေါင်းဆောင်တဲ့ ကလောင်ရှင်အသင်းက စာပေပြိုင်ပွဲတွေကျင်းပတယ်။ စာဆိုတော်နေ့ စာပေပညာရှင်ကြီးများ ဟောပြောပွဲနဲ့ ကန်တော့ ပွဲတွေ ကျင်းပတယ်။ ပင်မအဆောက်အအုံကြီးရဲ့ တောင်ဘက်မြက်ခင်းပြင်မှာ ဆရာကြီးရွှေပြည်ဦးဘတင်၊ ကျောက်စာဝန် ဦးမြ၊ စစ်ကိုင်းဦးဘိုးသင်း၊ ဆရာကြီးမြမျိုးလွင်၊ ဆရာကြီးရွှေဥဒေါင်း၊ လူထုဦးလှနဲ့ ဆရာတော်ရွှေကိုင်းသားတို့ကို ကန်တော့ပွဲနဲ့ စာပေသြ၀ါဒခံယူပွဲများ ကျင်းပခဲ့ကြပါတယ်။ အလွန်စည်ကားတဲ့ ပွဲသဘင်များ ဖြစ်ပါတယ်။ မန္တလေး စာဆိုတော်နေ့တွေမှာတော့ မြစ်သားအကျော့အမည်နဲ့ ဒဂုန်မှာရေးခဲ့တဲ့ ရှေ့နေကြီးဦးကျော်ဇောတို့လဲ ပါခဲ့သေးတာ အမှတ်ရမိပါတယ်။

တက္ကသိုလ်ဝင်းကတော့ မန္တလေးစာရေးဆရာများဖြစ်တဲ့ ဆရာနတ်နွယ်၊ ဆရာမောင်သာရတို့နဲ့ အဆက်အသွယ် မပြတ် တဲ့ပြင် ဂုဏ၀တီ ကိုခင်မောင်၊ ဒွာရာဝတီဘုန်းလူ၊ စန်းသော်တာကိုသန်းညွန့် တို့နဲ့လဲ အမြဲတပူးတွဲတွဲ လက်တွဲလျက်ပါ။ မျိုးမြင့်ဆွေလဲ ပါဝင်တယ်။

ကျွန်တော်တို့အသင်းက စာအုပ်ထုတ်ဝေရေးကို အလေးထားလုပ်ဆောင်မယ်လို့ သန္နိဋ္ဌာန် ချထားပါတယ်။ ဒါကြောင့် တက္ကသိုလ်ဝင်းက မြန်မာဇာတ်သဘင်သမိုင်းရေးမယ်၊ မောင်သာနိုးက ဇိုယာနဲ့ရှူရာ ရုရှဝတ္ထုကို မြန်မာလိုပြန်မယ်။ မောင်သိန်းနိုင်က စာဆိုကျော်တွေရဲ့အတ္ထုပ္ပတ္တိကို သုတေသနပြုမယ်၊ တင်မိုးက ဖန်မီးအိမ်၊ ကြည်အောင်နဲ့ မောင်စွမ်းရည်က စိတြ၊ မောင်ပေါက်စည်က ဒွာရာဝတီဘုန်းလူနဲ့ တွဲပြီး လှိုင်းပုတ်သံ၊ မောင်မိုးသူက အသဲငယ်ငယ် ကဗျာရွယ်ရွယ်၊ ၀င်းကြွယ်က ခေါင်းလောင်းသံ၊ ဘုတလင်ချစ်လေးက ကချေသည်၊ တက္ကသိုလ်မောင်ထွန်းဝေက ဘ၀ကဗျာများ၊ လေးမောင်က နွေဦးချောင်းနှင့် ပန်းလောင်းလှေ စာအုပ်တွေထုတ်ကြမယ်လို့ စီမံကိန်းချလိုက်တယ်။

မောင်သာနိုး ဦးစီးပြီး Burmese Literature မဂ္ဂဇင်းကို အင်္ဂလိပ်လိုထုတ်ဝေမယ်လို့လဲ စီစဉ်တယ်။ ပန်းချီဆရာတွေကလဲ အဆင်သင့်။ မေမြို့စိန်မောင်၊ ရွှေဘိုလွင်နဲ့ မန္တလေးဘမင်းတို့ ရှိတယ်။ သူတို့က ၀ိုင်းကြ၀န်းကြမယ်ပေါ့လေ။ ကြီးကြီး ကျယ်ကျယ် ခမ်းခမ်းနားနား ကြံစည်စိတ်ကူးကြပါတယ်။ မန္တလေးတက္ကသိုလ်ရဲ့ ရွှေခေတ်ပါပဲ။ လွမ်းမိပါရဲ့။ ။

(မူရင်း-ဧရာဝတီ)

No comments: