Friday, November 24, 2006

Mr. Furnival

ဦးကြီးဖာနီဗယ်
တင်မိုး

`မြေအုတ်တို့ပြိုလေရာ ကျောက်အုတ်တို့ဖြင့် တည်ဆောက်အံ့´ဆိုတဲ့ ကြွေးကြော်သံဆောင်ပုဒ်တခုကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။

အဲဒီကြွေးကြော်သံဟာ အဓိပ္ပာယ်လဲရှိ၊ အားမာန်လဲပါတဲ့အတွက် ကြားရသူတိုင်း မျိုးချစ်စိတ် နိုးကြား ထက်သန်လာမှာ မလွဲပါဘူး။ ပဒေသရာဇ်ခေတ်က တည်ဆောက်လာခဲ့ကြတဲ့ မြန်မာစာပေ၊ မြန်မာ့ ယဉ်ကျေးမှုနဲ့ မြန်မာ့လူမှုအဆောက်အအုံ ကြီးဟာ နယ်ချဲ့စနစ်ရဲ့ပယောဂကြောင့် ပြိုကျပျက်စီးသွားခဲ့ရပြီ။ ဒီနေ့ခေတ်သစ်အခါမှာ ပိုမိုခိုင်မာတဲ့ ကျောက်အုတ်တွေနဲ့ တည်ဆောက်ကြမယ်ဆိုတဲ့ အဓိဋ္ဌာန် စကားပါပဲ။
အဲဒီလို မြန်မာတို့ရဲ့အားမာန်ကို လှုပ်နှိုးလိုက်တဲ့ ကြွေးကြော်သံစာတမ်းကို ၁၉၂၈ တ၀ိုက်မှာ ထုတ်ဝေခဲ့တဲ့ ဂန္ထလောက မဂ္ဂဇင်းကပဲ တို့ဗမာအစည်းအရုံး တည်ထောင်သူနဲ့ `သခင်´ ဘ၀အစပျိုးသူ သခင်ဘသောင်း၊ ပန်းတနော်ဆရာသန့်လို့ အများကခေါ်ကြတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၊ သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ် စတဲ့ ခေတ်စမ်း စာပေပညာရှင်ကြီးများကို မွေးထုတ်ခဲ့ပါတယ်။ ပညာရေး၊ အတွေးအခေါ် နဲ့ စာပေ စတဲ့ ခေတ်သစ်ပညာတွေကို အုတ်မြစ်ချ ပျိုးထောင်ပေးခဲ့ပါတယ်။ အဲဒီကြွေးကြော်သံကို ထိပ်ဆုံးတင် ကြွေးကြော်ခဲ့သူ ခေတ်သစ်ယဉ်ကျေးမှုရဲ့ ဥယျာဉ်မှူးကတော့ ဒေါက်တာဖာနီဗယ်လ် (J.S Furnival) ဆိုတဲ့ ပုဂ္ဂိုလ်ကြီးတဦးပါပဲ။ သူ့အကြောင်းကို မြန်မာ့စွယ်စုံကျမ်းက ဒီလိုမှတ်တမ်း တင်ခဲ့ပါတယ်။

`မြန်မာအမျိုးသားတို့အပေါ် မြန်မာမျိုးချစ်စစ်စစ်တဦးကဲ့သို့ သန့်ရှင်းစင်ကြယ်သည့် စေတနာမေတ္တာဖြင့် တကယ်ချစ်ခင် သော လူမျိုးခြားတဦးကား ဒေါက်တာဂျွန်၊ ဆစ်ဒင်ဟမ်၊ ဖာနီဗယ် ဖြစ်ပေသည်´ တဲ့။

ဒေါက်တာဖာနီဗယ်ဟာ အင်္ဂလန်နိုင်ငံ အက်ပဆမ်မြို့၊ ရွိုင်ရယ်မယ်ဒီကာဗဲနီဗိုလင့် ဆေးကောလိပ်မှာ ဆေးပညာဆည်းပူး ခဲ့တယ်။ ဆေးပညာထက် စာပေပညာကို ပိုမိုထက်သန်လို့ ကိန်းဘရစ်တက္ကသိုလ်ကြီးကို ပြောင်းခဲ့တယ်။ ထရီနီတီ ကောလိပ်က ဘွဲ့ရတယ်။ အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်း (I.C.S) အဖြစ် အုပ်ချုပ်ရေး တာဝန် ထမ်းဆောင်ဖို့ မြန်မာနိုင်ငံ ရောက်လာတယ်။ ကြေးတိုင်မင်းကြီးအဖြစ်နဲ့ ရခိုင်ပြည်နယ်ကလွဲလို့ မြန်မာနိုင်ငံအနှံ့ အမှုထမ်းခဲ့တယ်။ မြန်မာစာပေ၊ မြန်မာဂီတ၊ မြန်မာ့ဘ၀၊ မြန်မာ့သမိုင်း၊ မြန်မာ့စီးပွားရေးနဲ့ မြန်မာ့ယဉ်ကျေးမှုကို အထူးသုတေသနလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်လဲ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးဝန်ထမ်းအဖြစ် လုပ်သက် ၂၀ ကျော်အမှုထမ်းပြီးတဲ့နောက် ၀န်ထမ်းဘ၀က နုတ်ထွက်ပြီး ၁၉၂၄ နှစ် မှာ မြန်မာပြည်စာအုပ်ဆိုင် (Burma Book Club) ကို ဖွင့်ခဲ့ပါသတဲ့။

`ခေတ်မီပညာရေးရှိမှသာ စီးပွားရေးနင်းပြားဘ၀မှ ကင်းလွတ်နိုင်မည်ကိုသိသဖြင့် ဒေါက်တာဖာနီဗယ်သည် ထိုစဉ်က ပြည်ထဲရေးဝန်ကြီး ဦးမေအောင်နှင့်အတူ ၁၉၁၀ ပြည့်နှစ်ခန့်က မြန်မာနိုင်ငံ သုတေသနအသင်းကို တည်ထောင်ခဲ့သည်´လို့ မြန်မာ့စွယ်စုံကျမ်းမှာ ဆက်လက် မှတ်တမ်းတင်ခဲ့ပါတယ်။

၁၉၂၈ ခုနှစ်မှာ မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းကို ထူထောင်ခဲ့ပါတယ်။ The World of Books ခေါ် ဂန္ထလောကမဂ္ဂဇင်း ကိုလဲ ထုတ်ဝေခဲ့ပါတယ်။ မြန်မာလူငယ်တွေ စာဖတ်များပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အမြင်ကျယ်စေလိုတဲ့ စေတနာနဲ့ ထုတ်ဝေခဲ့တဲ့ ခေတ်သစ်ပျိုးခင်း ဖြစ်ပါတယ်။ အဲဒီ ဂန္ထလောကမဂ္ဂဇင်းက ဘာသာပြန်ပြိုင်ပွဲမှာ `စလေအညာက ပလွေ ဆရာ´ကို ပန်းတနော်ဦးသန့်က ဘာသာပြန်ပြီး ဆုရခဲ့ပါတယ်။ သခင်ဘသောင်းကတော့ ဘာသာပြန်ပြိုင်ပွဲတိုင်း သူချည်း ဆုရနေလို့ ၅ ခါလောက်ဆုရပြီးတဲ့အခါ ဂန္ထလောကအယ်ဒီတာအဖြစ် ခေါ်ယူခန့်ထားခဲ့ရပါသတဲ့။ ဂန္ထလောကရဲ့ သမိုင်း ကိုတော့ အယ်ဒီတာတဦး ဖြစ်ခဲ့တဲ့ ပန်းတနော်ဦးခန့်က ရှုမ၀မဂ္ဂဇင်းမှာ `ရွှေစာဂန္ထ တလောက´ဆိုပြီး အကျယ်တ၀င့် မှတ်တမ်းတင်ခဲ့ ဖူးပါတယ်။ ဆရာတက်တိုးလဲ ဂန္ထလောက အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့ဖူးကြောင်း သိရပါတယ်။ သိပ္ပံမောင်ဝကတော့ ဂန္ထလောကအတွက်ဆိုရင် အထူးသံယောဇဉ် ကြီးမားစွာနဲ့ စာများ အဆက်မပြတ် ရေးပို့ခဲ့၊ အကြံပေးခဲ့၊ လှုံ့ဆော်ခဲ့တယ်လို့ သိရပါတယ်။

ဆရာကြီးဖာနီဗယ်ဟာ ၁၉၃၀ - ၄၀ အတွင်း ဟော်လန်နိုင်ငံနဲ့ ဂျားဗားကျွန်းတို့မှာ စီးပွားရေး နည်းစနစ်များ အကြောင်း လေ့လာခဲ့တယ်။ ၁၉၃၆ - ၄၂ အတွင်း ကိန်းဘရစ်တက္ကသိုလ်ကြီးမှာ မြန်မာစာကထိကအဖြစ် ဆောင်ရွက်ရင်း မြန်မာ စာပေရဲ့ အနှစ်သာရကို ကမ္ဘာသိအောင် ဖော်ထုတ်ခဲ့ပါတယ်တဲ့။

ဗိုလ်ချုပ်အောင်ဆန်းက ဖိတ်ခေါ်လို့ မြန်မာနိုင်ငံ စီမံကိန်းအရာရှိအဖြစ် ပြန်လည်ရောက်လာပြီး လွတ်လပ်ရေးရပြီး ဆယ်နှစ် (၁၉၄၈ - ၅၈) အထိ မြန်မာနိုင်ငံ အကြံပေးပါရဂူအဖြစ် တာဝန်ထမ်းဆောင် ခဲ့တယ်။ မြန်မာအစိုးရက `သတိုးသီရိသုဓမ္မာ´ ဘွဲ့နဲ့ ရန်ကုန်တက္ကသိုလ်က စာပေပါရဂူဘွဲ့ (D. Litt) အပ်နှင်းခဲ့ပါတယ်။ ၀န်ကြီးချုပ်ဦးနုရဲ့ တောင်းပန်မှုကြောင့် ၁၈၆၂ - ၁၉၄၁ ခေတ်သစ်မြန်မာနိုင်ငံရဲ့ လူမှုရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်မှုစစ်တမ်းကျမ်းကို ရေးသားပြုစုခဲ့တယ်။

ဇနီးမှာ မြန်မာနိုင်ငံက ရှမ်းအမျိုးသမီးဖြစ်ပြီး သမီး ၂ ဦး ထွန်းကားခဲ့ပါတယ်။ သူ့ကို `အန်ကယ်´လို့ခေါ်ရင် ဘ၀င်မကျ၊ `ဦးကြီး´လို့ မြန်မာလိုခေါ်မှ ကြိုက်သတဲ့။ `တကိုယ်ကောင်းစိတ် လုံးဝကင်းသည်။ ပညာမာန၊ လူမျိုးမာန၊ ရာထူးဂုဏ်သိန် မာန မရှိချေ´လို့ စွယ်စုံကျမ်းက ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်။

၁၉၆၀ ခု၊ ဇူလိုင်လ ၉ ရက်နေ့မှာ ဦးကြီးဖာနီဗယ် လန်ဒန်မှာ ကွယ်လွန်ခဲ့ပါတယ်။

ဤရွေ့ဤမျှ မြန်မာ့ကျေးဇူးကို အထူးဆောင်ရွက်ခဲ့တဲ့ ဦးကြီးဖာနီဗယ်ကို မြန်မာ့စာဆိုကြီး မင်းသုဝဏ်က ဦကြီးဖာနီဗယ် ကွယ်လွန်တဲ့အခါ `ပုဂံမြို့ သရပါတံခါးသို့´ဆိုတဲ့ကဗျာနဲ့ ဂုဏ်ပြုဖွဲ့ဆိုခဲ့ပါတယ်။

မြားနှင့် လွှားနှင့်၊ လှံဓားဝင့်၍
မင်းမင့် ဦးဆောင်း၊ ရန်အပေါင်းကို
နှင်မောင်းရာကား သင်တံခါးတည့်။

ကျိုင်းနှင့် သိုင်းနှင့်၊ ရွှေထီးဖွင့်၍
မင်းမင့်ခေါင်ထွတ်၊ စည်းခုံမြတ်သို့
ထွက်လတ်ရာကား သင်တံခါးတည့်။

ထီးသုဉ်း နန်းသုဉ်း
မြို့သုဉ်း သုည၊ သုဉ်းသုံးဝနှင့်
ကြုံရသည့်ပြင်၊ သင့်ကိုယ်ပင်လျက်
မရွှင်ဂုဏ်ညှိုး၊ အထွတ်ကျိုး၍
မုဆိုးမနှယ်၊ မျက်နှာငယ်လည်း
မဖွယ်လူ့ရွာ၊ ဖြစ်ခြင်းရာကို
ရဲစွာဆိုင်လျက်၊ တည်ငြိမ်သက်သော်
တက်သည်မိုးမျှ၊ ငါ့မာနလည်း
လျှောကျမြေဆီ၊ လက်အုပ်ချီသည်
ခန္တီဝင်စား၊ ရှင်တံခါးတည့်။ ။

(သတိုးသီရိ သုဓမ္မ ဂျေ၊ အက်စ်၊ ဖာနီဗယ်အား ရည်ညွှန်းသည်)
ငွေတာရီမဂ္ဂဇင်း သြဂုတ်၊ ၁၉၆၀။

မြန်မာစာပေလမ်းသစ်ကို ခင်းပေးခဲ့တဲ့ ဆရာကြီးရဲ့ ဂုဏ်ကျေးဇူးကို ကျွန်တော်တို့ ပြည်သူများကလဲ ဘယ်အခါမှ မေ့နိုင်လိမ့်မယ် မဟုတ်ပါ။ ။

(မူရင်း-ဧရာဝတီ)

No comments: