Friday, January 19, 2007

U Pe Maung Tin

မြန်မာစာပေဥယျာဉ်မှူး ဆရာကြီး ဦးဖေမောင်တင်
တင်မိုး

ဆရာကြီး ဦးဖေမောင်ရဲ့ စာပေကျေးဇူးကို တင်ပြပါရစေ …

ဇောဝီထိတကွက်မမှိန် ပြောင်သမို့သာပ
လောဂီ၏ပြက္ခဒိန် အမှောင်မချို့စေဖို့
အို … ဖေမောင်တင်ရဲ့
နောင်သို့တပဲ့ … အောင်ဖို့အလှည့်တွေနဲ့
မောင်တို့ရဲ့ တက္ကသိုလ် သခင်ကျောင်း - လို့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက လေးစားချစ်ခင်စွာ စာဖွဲ့ခဲ့ရတဲ့ တက္ကသိုလ် ကျောင်းအုပ်ဆရာကြီး ဦးဖေမောင်တင်အကြောင်းပါ။
ဆရာကြီးဦးဖေမောင်တင်ဆိုရင် ကိုလိုနီခေတ်က မြန်မာစာပေဥယျာဉ်မှူးကြီး၊ ဗုဒ္ဓဘာသာလောကမှာ အဌသာလိနီ၊ ၀ိသုဒ္ဓိမဂ် ကျမ်းတွေကို အင်္ဂလိပ်လိုပြန်ခဲ့တဲ့ ပါဠိစာပေသူရဲကောင်းကြီးအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြပြီး ဖြစ်ပါတယ်။

ကိုလိုနီခေတ်ဆိုးအခါဆိုးမှာ မုဆိုးမနှယ် မျက်နှာငယ်ခဲ့ရတဲ့ အမျိုးသားစာပေကို အညွန့်တလူလူဖြစ်အောင် ရေလောင်း ပေါင်းသင်ပေးခဲ့တဲ့ ဆရာကြီးဖြစ်ပါတယ်။ မျိုးချစ်စာပေပညာရှင်ကြီးလို့ ကမ္ဗည်းတင်ခံရတဲ့ ဆရာကြီးပါ။

ဆရာကြီးဟာ `သားသမီးဟာ မိဘထက်တော်ရမယ်၊ တပည့်ဟာ ဆရာ့ထက်တော်ရမယ်´လို့ ကြွေးကြော်ခဲ့တဲ့ ပုဂ္ဂိုလ်ပီပီ မျိုးဆက်သစ်တပည့်တွေကို သူကိုယ်တိုင်ပုခုံးထမ်းပြီး ထူးချွန်အောင် ပျိုးထောင်ပေးခဲ့ပါတယ်။ ခေတ်သစ်မြန်မာစာပေ လောကမှာ တခန်းတကဏ္ဍအဖြစ် ထွန်းပြောင်ခဲ့တဲ့ ခေတ်စမ်းစာပေမှတ်တိုင်ကြီးကို ထူပေးခဲ့သူလဲဖြစ်ပါတယ်။

သိပ္ပံမောင်ဝ၊ ဇော်ဂျီ၊ မင်းသုဝဏ်၊ တက္ကသိုလ်မောင်သန့်စင်၊ ကုသ၊ မောင်ဘသောင်း စတဲ့ ခေတ်စမ်းကလောင်တွေကို အောင်အောင်မြင်မြင် စင်တင်ပေးခဲ့ပါတယ်။ ဆရာကြီးရဲ့ စာပေကျေးဇူးဟာ ဆပ်မကုန်နိုင်အောင် များပြားလှပါတယ်။

ဆရာကြီး ဦးဖေမောင်တင်ကို အင်းစိန်မြို့ ပေါက်တောအရပ်မှာ အဖ ဦးဖေ၊ အမိ ဒေါ်မြိုင်တို့က ၁၈၈၈ ခု၊ ဧပြီလ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အင်္ဂလိပ် - မြန်မာ အဘိဓာန်ကျမ်းပြု စာတော်ပြန်ဝန်ထောက် ဦးထွန်းငြိမ်းဟာ အဖေ့ဘက်က ဦးလေးဖြစ်ပြီး တောင်ခွင်သာသနာပိုင် ဆရာတော် ရှင်ဝိသုဒ္ဓသီလာစာရဟာ မိခင်ဘက်ကအဘိုး ဖြစ်ပါတယ်။

ဆရာကိုရင်ကြီးရဲ့ အလွတ်ပညာသင်ကျောင်း၊ ရန်ကုန်ဟိုက်စကူး၊ ရန်ကုန်ကောလိပ်တို့မှာ ပညာသင်တယ်၊ ကိုးတန်းမှာ ရနောင်းဆု၊ ဥပစာတန်း ဒုတိယနှစ်မှာ ဂျာဒင်းဆု၊ ကာလကတ္တား တက္ကသိုလ်ရဲ့ စကောလားရှစ်ဆုတွေရခဲ့တယ်၊ ဘီအေ (ပါဠိ) ဂုဏ်ထူးတန်း၊ မဟာဝိဇ္ဇာ (ပါဠိ) ဘွဲ့ အောင်မြင်ခဲ့တယ်။

အသက် ၂၄ နှစ်အရွယ်မှာ မြန်မာအမျိုးသားထဲက ပထမဦးဆုံး ပါမောက္ခရာထူးရခဲ့ပါတယ်။ ပါဠိပါမောက္ခရာထူးပါ။ နိုင်ငံခြားသား ပါမောက္ခတွေအလယ်မှာ ဂုဏ်ယူဖွယ် မြန်မာပါမောက္ခအဖြစ် တင့်တယ်ခဲ့ရပါတယ်။

၁၉၂၀ ခုနှစ် စက်တင်ဘာ ၄ ရက်မှာ အင်္ဂလန်၊ အောက်စဖို့ တက္ကသိုလ်၊ အက်ဇီတာကောလိပ်မှာ ပညာသင်တယ်၊ အောက်စဖို့တက္ကသိုလ်က ဘီလစ်ဘွဲ့ရခဲ့တယ်။ အဲဒီအတောအတွင်းမှာ အဌသာလိနီ ခေါ် ဓမ္မသင်္ဂဏီကျမ်းအဖွင့် Expositor Vol 1 နဲ့ 2 ရယ်၊ ၀ိသုဒ္ဓိမဂ် ခေါ် The Path of Purity ပထမပိုင်းကို London Pali Text Society က ထုတ်ဝေခဲ့တယ်။

မှန်နန်းရာဇ၀င်တော်ကြီးကို ပါမောက္ခ ဂျီအိပ်ခ်ျလုစ်နဲ့တွဲပြီး အင်္ဂလိပ်ဘာသာပြန်ခဲ့တယ်။ အောက်စဖို့ တက္ကသိုလ် ပုံနှိပ်တိုက်က ထုတ်ဝေခဲ့တယ်။

မြန်မာနိုင်ငံ သုတေသနအသင်းအတွက် စာအုပ်ပေါင်း ၄၆ မျိုး တည်းဖြတ်ထုတ်ဝေပြီး မြန်မာစာပေ အခြေခိုင်အောင် ကြိုးပမ်းအားထုတ်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာသင်ကြားရေးအတွက် မနားမနေ အရေးဆိုခဲ့တယ်။၁၉၂၅ ခုနှစ်မှာ မြန်မာစာဂုဏ်ထူးတန်း ဖွင့်နိုင်ခဲ့တယ်။ ပထမဆုံး မြန်မာစာဂုဏ်ထူးတန်း ကျောင်းသားကတော့ သိပ္ပံမောင်ဝ ခေါ် ဦးစိန်တင်ပါ။

မြန်မာနိုင်ငံ ပညာပြန့်ပွားရေးအသင်းမှာပါဝင်ပြီး အဏုမြူနဲ့ အဏုမြူဒီပနီ စာအုပ်တွေကို ထုတ်ဝေခဲ့တယ်။ သိပ္ပံပညာ ဘာသာပြန်လုပ်ငန်းကို အားကြိုးမာန်တက် လုပ်ဆောင်ခဲ့တယ်။ တက္ကသိုလ်သုံး ဝေါဟာရများကို မြန်မာပညာရှင်များရဲ့ အကြံဉာဏ်ကိုယူပြီး မြန်မာပြန်ခဲ့ပါတယ်။ အခု တက္ကသိုလ်လို့ ခေါ်နေကြတာ အဲဒီ ၁၉၃၀ တ၀ိုက်က မြန်မာပြန်ဆို အတည်ပြုထားတဲ့ ဝေါဟာရပါ။ Professor ကို စာချဆရာကြီး၊ စာပို့ဆရာကြီးလို့ မြန်မာပြန်ဖို့ စဉ်းစားခဲ့ကြသေးလို့ ရယ်စရာဖြစ်ခဲ့ရကြောင်း ဆရာကြီး ဦးဖေမောင်တင် ဟောပြောပွဲတခုမှာ ဟောခဲ့ပါသေးတယ်။

ဆရာကြီးဟာ မြန်မာနိုင်ငံ သုတေသနအသင်း ဥက္ကဌ၊ မြန်မာနိုင်ငံဘာသာပြန် သုခမိန်အဖွဲ့ ဥက္ကဌ၊ မြန်မာ့စွယ်စုံကျမ်း စီစဉ်ရေးအဖွဲ့ ဥက္ကဌ၊ သမိုင်းကော်မရှင် ဥက္ကဌ စသဖြင့် ပညာပိုင်းဆိုင်ရာ ကြီးလေးတဲ့တာဝန်တွေကို မညည်းမညူ
တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

မြန်မာစာပေသမိုင်း၊ ဘာသာလောက၊ မြန်မာသဒ္ဒါ စသဖြင့် မြန်မာစာပေနဲ့ ဘာသာဗေဒကျမ်းများကိုလဲ တစိုက်မတ်မတ် ပြုစုခဲ့တဲ့အပြင် ဗုဒ္ဓကျမ်းစာများကိုလဲ မကွယ်လွန်မီရက်ပိုင်းအထိ အင်္ဂလိပ်လိုပြန်ဆိုခြင်း၊ ဟောပြောခြင်းတို့ကို အနားမရပ် အဆက်မပြတ်လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

ဆရာကြီးလို မျိုးချစ်ပြည်ချစ် ပညာရှင်ကြီးတပါး ပေါက်ဖွားခဲ့တာဟာ မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ ဂုဏ်သရေတပါးပါ။

`မြန်မာစာပေဟာ ကျေးဇူးသိတတ်ခြင်းက စခဲ့တယ်´လို့ ဆရာကြီးက ကိုယ်တိုင်မိန့်ဆိုခဲ့သလို ကျွန်တော်တို့တတွေဟာ ဆရာကြီးရဲ့ကျေးဇူးဂုဏ်ကို တအောက်မေ့မေ့ တမြေ့မြေ့ဖြစ်ရပါတယ်။

`ကမ္ဘာကို မြန်မာသိဖို့ထက် မြန်မာကို မြန်မာသိဖို့က အရေးကြီးတယ်´လို့ ဆရာကြီးက မိန့်မှာခဲ့ပါတယ်၊ တိုင်းရင်းသား ပြည်သူတွေရဲ့ဘ၀၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စာပေ စတဲ့ တောင်ပေါ်ယဉ်ကျေးမှုကိုလဲ အလေးပေး လေ့လာကြဖို့ ဆရာကြီး မိန့်ကြားခဲ့တာ အလွန်အဖိုးတန်လှပါတယ်။

ဆရာကြီးဟာ ကျွန်တော်တို့နိုင်ငံရဲ့ မီးရှူးတန်ဆောင်ကြီးပါ။ ဆရာကြီးရဲ့ ကျေးဇူးဂုဏ်ကို အထူးအာရုံပြုပြီး မြန်မာလူထုရဲ့ အကျိုးစီးပွားကို မနားမနေ ရွက်ဆောင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ။

(မူရင်း-ဧရာဝတီ)

No comments: