Monday, January 29, 2007

Ko Zaw Win, ABFSU chairperson

ဗကသဥက္ကဌ ကိုဇော်ဝင်း
တင်မိုး

၁၉၅၅ ခုနှစ်က ထင်ပါရဲ့။ ရန်ကုန် စိန်ပေါကျောင်းက သတ္တမတန်းကျောင်းသားကလေး ဟယ်ရီတန်ဟာ ဆန္ဒပြပွဲမှာ သေနတ်ပစ်ခံရလို့ ကွယ်လွန်သွားခဲ့ရှာတယ်။ ဆန္ဒပြတဲ့နေရာက ဘောင်ဒရီလမ်းနဲ့ ကမ္ဘာအေးစေတီ လမ်းထောင့်က ဗမာ့ခေတ် သတင်းစာတိုက်ရှေ့မှာ။ ဆန္ဒပြလာကြတဲ့ ရန်ကုန်ခရိုင် ကျောင်းသားသမဂ္ဂ၀င်တွေကို အစောင့်တွေက သေနတ်နဲ့ပစ်လိုက်လို့ ဟယ်ရီတန်ဆိုတဲ့ ကျောင်းသားကလေးတယောက် ကျဆုံးရရှာတယ်။

အဲဒီအဖြစ်အပျက်ကို ဗ.က.သ ကျောင်းသားဥက္ကဌ ကိုဇော်ဝင်းက ကျောင်းသားထုကို ဖွဲ့ဖွဲ့နွဲ့နွဲ့ စီစီကုံးကုံး ပြောပြတော့ ဟယ်ရီတန်ကို သနားလွန်းလို့ ကြားရသူတိုင်း မျက်ရည်မဆည်နိုင်ကြဘူး။ ဟယ်ရီတန်ရဲ့ သွေးစွန်းနေတဲ့ လုံချည်ကို ခွပ်ဒေါင်းအလံနဲ့အတူ ဝှေ့ယမ်းပြီး ရန်ကုန်တမြို့လုံး ဆန္ဒပြလိုက်ကြတာ အစိုးရအဖွဲ့ကတောင် လက်ပိုက်ကြည့်မနေနိုင်ဘူး။

အဲဒီတုန်းက နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက ရေဒီယို မြန်မာ့အသံကနေပြီး တနိုင်ငံလုံးအသံလွှင့်ပြီး တောင်းပန်ပြီးနောက် သတ္တမတန်း ကျောင်းသားတွေအကုန်လုံး စာမေးပွဲဖြေစရာမလိုဘဲ အအောင်ပေးခဲ့တယ်။ `ကဲ … ညီမောင်တို့ တူမောင်တို့ ကျေနပ်ကြပါတော့´တဲ့။ ဟယ်ရီတန် ခုနှစ်တန်းလို့ နာမည်ကြီးခဲ့တဲ့ ဖြစ်ရပ်ပါ။

အဲဒီပွဲမှာ နာမည်ကြီးခဲ့တဲ့ ဗ.က.သ ကျောင်းသားခေါင်းဆောင်က ကိုဇော်ဝင်း … တဲ့။

ကိုဇော်ဝင်းကို တ.က.သ အဆောက်အဦထဲက ပန်းချီဆရာ ဦးနန်းဝေ ဖွင့်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်မှာ စတင်တွေ့ဖူးပါတယ်။

ကွမ်းနံ့တသင်းသင်း၊ ဆေးပြင်းလိပ် ပါးစောင်မှာခဲ့လို့။ မျက်နှာ ချိုချိုပြုံးပြုံး၊ လက်ပြင်ခပ်ကုန်းကုန်း၊ ညင်သာတဲ့ စကားလုံး လေးတွေနဲ့ ချစ်စဖွယ် စကားပြောကောင်းသူ ဖြစ်ပါတယ်။ ပင်နီတိုက်ပုံဝတ်ထားပြီး မြန်မာဆန်ဆန် ယဉ်ကျေးမူရာသဏ္ဍာန်နဲ့ ကြည်ညိုဖွယ် ပုံဟန်ရှိပါတယ်။

ကျွန်တော်တို့နဲ့အတူ ဒေါက်တာသန်းထွန်းရဲ့ မြန်မာ့သမိုင်းအတန်းမှာလဲ တွေ့ရတတ်ပါတယ်။ သမိုင်းဘာသာရပ်ကို အထူးစိတ်ဝင်စားသူလို့ သိရပါတယ်။

နောင်အခါ ကိုဇော်ဝင်းကို မန္တလေးမှာ တွေ့ရပါတယ်။ ၁၉၆၂ ခုနောက်ပိုင်းမှာ ကိုဇော်ဝင်းဟာ မန်းတက္ကသိုလ် တ.က.သ ကျောင်းသူ ခေါင်းဆောင်တဦးဖြစ်တဲ့ မခင်ခင်အေးနဲ့ အကြောင်းပါခဲ့တယ်လို့ သိလာရပါတယ်။ ဒါ့ကြောင့် မန္တလေးစာပေ အသိုင်းအ၀ိုင်း၊ ကျောင်းသားအသိုင်းအ၀ိုင်းမှာ သူ့ကို အမြဲတွေ့နေရတာပေါ့။

ကျွန်တော်တို့ကလဲ မန္တလေးနေပြည်တော် အထက်တန်းကျောင်းဆိုတဲ့ အလွတ်ပညာသင်ကျောင်းမှာ ဆရာမောင်စွမ်းရည်နဲ့ အတူ ဆရာလုပ်နေကြပြီလေ။

အဲဒီတုန်းက ဆရာဦးသာနိုးကလဲ သျှန်တက္ကသိုလ်ခေါ်တဲ့ ဦးအောင်သျှန်ရဲ့ကျောင်းမှာ အင်္ဂလိပ်စာပြနေပြီ။ အထက်ဗမာနိုင်ငံ စာရေးဆရာအသင်းကလဲ စာဆိုတော် ဓမ္မဗိမာန် စာတမ်းဖတ်ပွဲတွေ အစပျိုးနေတဲ့ကာလ။

ပရိုက်ဗိတ်ကျောင်းတွေလဲ ပြည်သူပိုင်သိမ်းတော့ လူစုကွဲသွားကြပြန်တာပေါ့။ ၁၉၆၅ ထင်ပါ့။

အရင်က ကျွန်တော်တို့ကျောင်းက အနောက်ကျုံးလမ်း၊ ဓမ္မဗိမာန်နဲ့ မျိုးသားပြတိုက်အနီးမှာ။ နောက်တော့ နန်းရှေ့ပြောင်း သွားပြီး အမှတ် (၁၇) အ.သ.က ဖြစ်။

ကျွန်တော်တို့တစု ရန်ကုန်ရောက်။ ကျွန်တော်က ရန်ကုန်တက္ကသိုလ် ဘာသာပြန်ဌာန၊ ဆရာစွမ်းက စမ်းချောင်း အ.သ.က (၁)၊ ကိုဇော်ဝင်းက ပညာရေးတက္ကသိုလ် သုတေသနဗျူရို၊ ဦးဘကောင်းကလဲ အဲဒီမှာ ကြုံကြဆုံကြရပြန်ပါတယ်။

ရဲဘော်တွေစုပြီး ထောင်ထားကြတဲ့ ဆန်းစသော်တာ၊ လူငယ့်သိပ္ပံ၊ တို့ကျောင်းသား စတဲ့ ၀ိုင်းကျူရှင် ကျောင်းကလေး တွေမှာ ဦးဇော်ဝင်းက သမိုင်းအသင်ကောင်းတဲ့ဆရာ။

`လွန်းမြိုင်´ဆိုတဲ့ ကလောင်အမည်နဲ့ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းကလေးတွေဖတ်ဖို့ စာအုပ်ကလေးရေးခဲ့တယ်။ သရက်၊ အောင်လံ၊ နတ္တလင်း၊ ပြည်၊ အုတ်ဖို၊ မင်းလှ စတဲ့နယ်တွေမှာ ပညာရေးဟောပြောပွဲ၊ စာပေဟောပြောပွဲတွေ အတူတူ သွားကြလာကြနဲ့ ပျော်စရာကောင်းလှပါတယ်။ တောင်ကြီးဘက်လဲ ရောက်ကြသေးရဲ့။

ပဲခူးအမျိုးသားကျောင်းသွားရင်း လိပ်ပြာကန်မှာ `ဥဿာလှိုင်ထိပ်ထား´ဆိုခဲ့တာတွေ၊ သရက် ဧရာဝတီသောင်ပြင်မှာ ဂီတနက်သန် သီချင်းတွေနဲ့ လွမ်းခဲ့ကြဖူးတာတွေ သတိတရရဖြစ်မိတယ်။ နိုင်ငံရေးထက်သန်သလို အနုပညာခံစားမှုမှာလဲ နက်နက်ရှိုင်းရှိုင်းရှိခဲ့တာကို မမေ့နိုင်ပါဘူး။ ၁၉၉၅ တ၀ိုက်မှာတော့ သူလဲ ဘာသာရေးဘက် လိုက်စားတယ်လို့ကြားရဲ့။ သူကွယ်လွန်သွားတော့ ရေးဝေးကို လိုက်ပို့ပေမဲ့ သူ့အလောင်းကို မမှီလိုက်တော့ဘူး။

ရဲဘော် ဇော်ဝင်းရဲ့ ပြုံးမျက်နှာကို သတိတရရပါ။ ။

(မူရင်း-ဧရာဝတီ)

No comments: