Friday, January 12, 2007

Takato Phone Naing

တက္ကသိုလ်ဘုန်းနိုင်
တင်မိုး

ဝတ္ထုတပုဒ်ထဲက ဒီစကားပြောခန်းကလေးကို နားဆင်ကြည့်စေလိုပါတယ်။

`ရှင် … ဘယ်လိုလူစားလဲ´
`အဲဒါကို ကိုယ့်ကိုယ်ကို ပြန်မေးနေပါတယ်လေး´
`ဘုရားရေ … ရှင့်ကိုယ်ရှင် မသိဘူး´
`ကိုယ့်ကိုယ်ကို မသိတဲ့လူတယောက်ဟာ ဒီလောကကြီးထဲမှာ ဘယ်လိုလုပ်နေမှာလဲ´
`မှန်ပါတယ် … ဒါ့ကြောင့်လဲ ဒီလူ့လောကကြီးထဲကပဲ ကျွန်တော်ထွက်ပြေးနေရပါတယ်´
`ရှင်လဲ လူတွေကို စိတ်နာနေသူတယောက်နဲ့ တူတယ် … ဟုတ်လားရှင်´
`အခုတော့ စိတ်မနာနိုင်သူ တယောက်ကို တွေ့နေရပြီ ထင်ပါတယ်လေး´
ဒီစကားပြောခန်းကလေးကို ကြားရုံနဲ့ ကျွန်တော်တို့ မြန်မာစာဖတ်ပရိသတ်က `ဒါ … တက္ကသိုလ်ဘုန်းနိုင်ပဲ´လို့ ချက်ချင်းပြောနိုင်မယ်ထင်ပါတယ်။

ညီမလေးရယ် စိုးရိမ်မိတယ်၊ မုန်းရစ်လေဦး၊ သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မယ်ခိုင်၊ တပြည်သူမရွှေထား၊ နွေကန္တာဦး၊ မိုးည အိပ်မက်မြူနဲ့ သူ့ကျွန်မခံပြီ စတဲ့ ၀တ္ထုကြီးတွေဟာ နာမည်ကျော် စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ လက်ရာတွေပါ။ ပရိသတ်အသဲစွဲခဲ့ကြတဲ့ ၀တ္ထုကြီးများဖြစ်ပါတယ်။ အဲဒီ စာပေလက်ရာတို့ရဲ့ ဖခင် တက္ကသိုလ်ဘုန်းနိုင်ဟာ ၂၀၀၂ ခုနှစ် မေလ ၁၁ ရက်နေ့က သံလျင်မြို့ ဓမ္မရောင်ခြည်လမ်း နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ စာဖတ်ပရိသတ်များ ၀မ်းနည်း ကြေကွဲမှု၊ နှမောတသမှုတွေ ခံစားခဲ့ကြရပါတယ်။

ကျွန်တော်ဟာ ဆရာဘုန်းနိုင်ရဲ့ စိတ်ပညာတပည့် ကျောင်းသားမဟုတ်ပါဘူး။ ဒါပေမယ့် ဆရာက ကျွန်တော့်ကို ခင်ပါတယ်။ ကျွန်တော်ကလဲ ဆရာနဲ့ ရံဖန်ရံခါဆုံမိတဲ့အခါ ဆရာ့ရဲ့ စာပေအမြင်၊ စာပေသြ၀ါဒတွေကို လေးလေးစားစား နားထောင်ခဲ့ပါတယ်။ စာပေ၀ါသနာထုံတဲ့ ကျောင်းသားတွေကို ဆရာချစ်ခင်ဟန်တူပါတယ်။

၁၉၅၈ မန္တလေးတက္ကသိုလ် ပင်မအဆောက်အအုံတောင်ဘက် နံရံကပ်စာစောင်များကို မှန်ဘောင်နဲ့ ချိန်ဆွဲထားရာနေရာမှာ ဆရာဘုန်းနိုင်နဲ့ စတင်တွေ့ဆုံခဲ့ပါတယ်။

အဲဒီတုန်းက ရေစကြိုမြို့နယ်အသင်းက `သန္တာ´စာယဉ်ဆိုပြီး မြန်မာ အင်္ဂလိပ် နှစ်ဘာသာနဲ့ နံရံကပ် စာစောင် ထုတ်ဝေ ပါတယ်။ အဲဒီစာစောင်ကို ကျွန်တော်ကဦးစီးပြီး ကဗျာတွေကို ဦးသာနိုးက အင်္ဂလိပ်လို ပြန်ပေးပါတယ်။ ရွှေဘိုသား H.လွင် ဆိုတဲ့ ပန်းချီဆရာက ပန်းချီရေးဆွဲ မွမ်းမံပေးပါတယ်။ အဲဒီ `သန္တာ´ စာယဉ်မှန်ဘောင်ရှေ့မှာ ဆရာက `ချစ်သူအတွေး´ ဆိုတဲ့ ကျွန်တော့်ကဗျာကို ချီးကျူးပါတယ်။ ကျွန်တော် ကလဲ ကျိုးကျိုးရွံ့ရွံ့နဲ့ ဆရာ့ချီးကျူးမှုကို ရှက်ရွံ့အားနာတဲ့ အမူအရာနဲ့ လက်ခံ နားထောင် ခဲ့တယ်လို့ မှတ်မိနေပါတယ်။

မန္တလေးတက္ကသိုလ် ဗဟိုဆောင်အလယ်ထပ် အနောက်ဖက်ခြမ်းမှာ မြန်မာစာဌာနရယ်၊ မြန်မာမှုပြတိုက်ရယ်၊ စိတ်ပညာ ဌာနရယ်ရှိပါတယ်။ စင်္ကြန်လမ်းဘေးမှာတော့ နံရံကပ်စာစောင်များ အများအပြား ချိတ်ဆွဲ ထားကြ တာ တွေ့နိုင်ပါတယ်။

ဆရာဘုန်းနိုင်က စိတ်ပညာဌာနမှူးပါ။ သူ့ဌာနရဲ့စင်္ကြန်မှာ ချိတ်ဆွဲထားတဲ့ နံရံကပ်စာစောင်တွေကို အမြဲဖတ်ကြည့်ပုံရတယ်။ ဆရာထဲက ကျောင်းသားတွေရဲ့လက်ရာကို ရှားရှားပါးပါး အကဲခတ်စောင့်ကြည့်တဲ့ ဆရာတဦးပါ။ ကျွန်တော့်ကဗျာကို ရှုမ၀ပို့ဖို့ တိုက်တွန်းပါတယ်။ ကဗျာရေးတာကိုလဲ အားပေးတယ်။ တနေ့နေ့မှာ ရှယ်လီတို့လို ထိပ်တန်းရောက်အောင် ကြိုးစားအားထုတ်ပါလို့လဲ တိုက်တွန်းပါသေးတယ်။

၁၉၅၉ ခုနှစ်မှာ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်တော့ ကျွန်တော်က မှတ်ချက်ရေးခိုင်းလို့ ဆရာက ရေးပေးပါတယ်။ စာအုပ် ထွက်တော့ ကျွန်တော်က စာအုပ်လက်ဆောင်ပေးတာကိုမယူဘဲ သူကိုယ်တိုင်ကအစ စိတ်ပညာဌာန ဆရာ၊ ဆရာမအားလုံး ၀ယ်ရမယ်ဆိုပြီး ၀မ်းမြောက်ဝမ်းသာ အားပေးခဲ့ပါတယ်။ သြော် … ကျောင်းသားတွေရဲ့ စာပေလုပ်ငန်းတွေကို လှိုက်လှိုက် လှဲလှဲ အားပေးဖော်ရတဲ့ ဆရာပါလားလို့ ကျေးဇူးတင်လို့ မဆုံးပါဘူး။ စိတ်ထဲမှာ အမှတ်ထင်ထင် ပူနွေးခဲ့ရပါတယ်။

ဝါသနာပါလွန်းလို့ ဆင်းဆင်းရဲရဲ ချို့ချို့ငဲ့ငဲ့နဲ့ ကဗျာစာအုပ်ကလေးတအုပ် မဖြစ်ဖြစ်အောင် ထုတ်ဝေလိုက် ရတဲ့ ကျောင်းသားစာပေ ၀ါသနာအိုးတို့ရဲ့ဒုက္ခကို သိမြင်စာနာပြီး အထင်လဲမသေး ယဉ်ယဉ်ကျေးကျေးနဲ့ စင်တင်ပေးချင်တဲ့ ဆရာ့စေတနာကို ကျွန်တော်အသိအမှတ်မပြုဘဲ မနေနိုင်ပါဘူး။ ဥယျာဉ်မှူးစိတ်ဓာတ် အပြည့်အ၀ရှိတဲ့ ဆရာပါလားလို့ ကြည်နူးခဲ့ရပါတယ်။ နောက်တော့ ဆရာနဲ့ တခါ နှစ်ခါ ဆုံဖြစ်တယ်။ ရတနာပုံကျောင်းဆောင်အနီးက ဆရာ့အိမ်ကို တခေါက်ရောက်ဖူးတယ်။ စာပေစကား ကြားနာခဲ့ရဖူးတယ်။ စာပေဟောပြောပွဲမှာ နားထောင်ခဲ့ရဖူးတယ်။

`ညီမလေးရယ် စိုးရိမ်မိတယ်´နာမည်ကြီးလာတယ်။ အဲဒီ ၀တ္ထုမှာ ကျောင်းသားလှုပ်ရှားမှုကို ဆရာက သရော်တယ်။ ဆန့်ကျင်တယ်။ ကျွန်တော်တို့က တပ်ဦးကျောင်းသားတွေဆိုတော့ ဆရာ့အာဘော်ကို ကြိုက်လဲမကြိုက်၊ လက်လဲမခံ နိုင်ပါဘူး။

တ.က.သ ရွေးကောက်ပွဲမှာ ကျွန်တော်တို့ရဲဘော်တဦးက `ညီမလေးရယ် အမေရိကသွားချင်တယ်၊ ရေးသူ … တက္ကသိုလ် ဖုံးမနိုင်´လို့ ၀တ္ထုတပုဒ်ရေးသားပြီး နံရံကပ်စာစောင်ထုတ်ပါတယ်။

ကျွန်တော်တို့ ကဗျာအုပ်စုကလဲ ဆရာဘုန်းနိုင်ကို တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။ တ.က.သ ရွေးပွဲမှာ တပ်ဦးကိုယှဉ်ပြိုင်တဲ့ ကျောင်းသားအင်အားအဖွဲ့ရဲ့ အကြံပေးပုဂ္ဂိုလ်ဟာ ဆရာဘုန်းနိုင်ပဲလို့ သိနေတော့ ဒီလိုလှောင်ခဲ့ဖူးပါတယ်။

`ရဲခေါင်က မဟန်၊ ဖန်ချင်တယ်ကို အင်အားရယ်လို့ လှုပ်ရှားကာပေး။ မနက်တုန်းဆီက၊ ကိုဖုန်းကို မောင်မြင်တော့ သူ့ဆံပင် ဒေါ်လာကုံးတွေနဲ့ ဂုဏ်တုံးတယ်လေး …´တဲ့။

ဆရာနဲ့တွေ့တဲ့အခါမှာလဲ ဆရာဟာ စိတ်ဆိုးဟန်မရှိ၊ ရီရီမောမော ပြုံးပြုံးရွှင်ရွှင်၊ အခင်မင်မပျက်၊ အခေါ်အပြောမပျက်၊ ပြောစရာရှိတာကိုလဲ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီးပြောပါတယ်။ စိတ်သဘောထား ရင့်ကျက်တဲ့ဆရာ။ တက္ကသိုလ်ပညာ တတ်ဘ၀ကို တကယ်ပီပီသသနားလည်တဲ့ ဆရာကောင်း ဆရာမွန်ပါ။

ရှစ်လေးလုံးအရေးတော်ပုံမှာ ဆရာဟာ တံတားနီအရေးအခင်းမှာ လာရောက်ပြီး ကဗျာဖတ်တယ်။ ကျဆုံးတဲ့ ကျောင်းသား တွေကို ဂုဏ်ပြုတဲ့ လေးချိုးကြီးရေးပြီး ကိုယ်တိုင်ရွတ်ဆိုတယ်။ စစ်အစိုးရက ဆရာ့ကို ပညာရေးတက္ကသိုလ်ပါမောက္ခချုပ် ဘ၀က ဖယ်ရှားလိုက်တယ်။ ဆရာ့ကို ကျွန်တော်က `မျိုးချစ်ပညာရှင်´လို့ ကဗျာရေးပြီး ဂုဏ်ပြုတယ်။ အဲဒီကဗျာကို ဦးသာနိုးက အင်္ဂလိပ်လိုပြန်ပြီး ဆရာ့ကို လက်ဆောင်ပေးခဲ့ ပါတယ်။ ဆရာဟာ ရာထူးကဖယ်ရှားတာကိုခံရဲတဲ့ သတ္တိရှိတယ်။ ဘာ့ကြောင့်လဲဆိုတော့ မျက်စိအောက်မှာတွေ့မြင်နေရတဲ့ မတရားမှု၊ ရက်စက်မှုတွေကို ကြည့်မနေရက်နိုင်လောက်အောင် ကျောင်းသားတွေအပေါ်မှာ ကရုဏာမိုးတွေ ဖြိုးစွေသွန်းလောင်းခဲ့တာကိုး။

မြင့်မြတ်တဲ့ ဆရာစိတ်၊ မြင့်မြတ်တဲ့စာရေးဆရာစိတ်၊ လွပ်လပ်မှု တရားမျှတမှုကို ချစ်မြတ်နိုးစိတ်တို့ ယိုဖိတ်လျှံကျလာတဲ့ အခါ မိမိကိုယ်ရေးကိုယ်တာ အကျိုးစီးပွားကိုစွန့်ပြီး အန္တရာယ်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်လိုက်ပါတယ်။

ကျွန်တော်တို့ဟာ ဆရာရဲ့ ရဲရင့်မြင့်မြတ်တဲ့ အဲဒီအမူအရာကို ကမ္ဘာကုန်ကျယ်သရွေ့ ဘယ်မေ့လိမ့်လဲလို့ ခံစားကျူးရင့် မိကြပါတယ်။

ဆရာ ကောင်းရာသုဂတိလားပါစေ …။ ။
(မူရင်း-ဧရာဝတီ)

No comments: