Wednesday, October 1, 2008

treasure of my life, poems from my heart - 38

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃၈)

(၁)
ဟံသာဝတီအယ်ဒီတာချုပ်ဟောင်း သတင်းစာဆရာကြီးဦးဝင်းတင်တောင် အသက် (၇၄) နှစ်ပြည့်သွားပါ ပကော။
ဦးဝင်းတင်ဆိုတာ ကမ္ဘာနီတွင်တဒင်္ဂ၊ ခြေမှာစကား လက်ဖျားကဗျာ၊ အောင်ပွဲခံဗီယက်နမ် စတဲ့ ခရီးသွားမှတ်တမ်းများ၊ ဥတ္တရအလင်း၊ ကွိ စတဲ့ ဘာသာပြန်စာအုပ်များ၊ အလှရှာပုံတော်လို ပန်းချီသုခုမ အလှ ဒီပနီကျမ်းဆရာအဖြစ် တိုင်းပြည်ကလေးစားလို့ ထင်ရှားကျော်ကြားခဲ့သူဖြစ်ပါတယ်။

စာပေဗိမာန်၊ အိုးဝေသတင်းစာ၊ ကြေးမုံသတင်းစာနဲ့ ဟံသာဝတီအယ်ဒီတာဘ၀မှာလည်း ပြည်သူလူထု လေးစားကြည်ညိုသူလည်း ဖြစ်ပါတယ်။ “ပြည်သူတို့စကားပြန်” “စနေစာပေ၀ိုင်း” စတဲ့ ဟံသာဝတီ သတင်းစာတိုက်က ဆောင်ရွက်ချက်များကြောင့် အများက တသသနေရသူ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

စာပေလောက၊ သတင်းစာလောကသားတို့အလယ်မှာ လူချစ်လူခင်ပေါများသူ၊ စိတ်ကောင်း၊ စေတနာကောင်းရှိသူ၊ ဖြောင့်မတ်သူ၊ အကျင့်စာရိတ္တ သီလဖြူစင်သူအဖြစ်လည်း ကောင်းသတင်းလျှံနေတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

(၂)
သူဟာ သတင်းစာဆရာအဖြစ် ထာဝစဉ်ရပ်တည်လိုတဲ့ ပုဂ္ဂိုလ်ပါ။ သတင်းစာစက္ကူပုံပေါ်မှာအိပ်၊ ပုံနှိပ်မင်နံ့သင်းတပျံ့ပျံ့ကို ရှူရှိုက်ရင်း ပျော်မွေ့နေတဲ့ပုဂ္ဂိုလ်အဖြစ် ကိုယ်တိုင် တွေ့မြင်လေးစားခဲ့ဖူးပါတယ်။

၁၉၈၈ ခု ရှစ်လေးလုံးအရေးတော်ပုံမှာ စာရေးဆရာသမဂ္ဂကိုဖွဲ့တော့ ဘားလမ်းက စပယ်ဦးစာပေတိုက်မှာ မောင်သော်က၊ မောင်မိုးသူ၊ မောင်ဝံသ၊ ဦးဝင်းခက် စတဲ့ ရဲဘော်တွေနဲ့အတူ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားရင်း “သတင်းလွှာ” ကိုထုတ်ဝေနေတာ မှတ်မိပါသေးတယ်။ မမောနိုင် မပန်းနိုင် ကလောင် တကိုင်ကိုင်နဲ့ ဒီမိုကရေစီပန်းတိုင်ဆီကို ဦးဆောင်ချီတက်နေတာကိုလည်း မြင်ယောင်မိပါသေးတယ်။

အလုပ်ဇွဲကြီးမားတဲ့ပုဂ္ဂိုလ်၊ အမြင်ကျယ်ပြီး ဗဟုသုတကြွယ်ဝတဲ့ပုဂ္ဂိုလ်၊ ခေါင်းဆောင်ငယ်သား မခွဲခြားဘဲ တသားထဲ တသွေးထဲစိတ်နဲ့ ဒိုးတူပေါင်ဖက် အလုပ်လုပ်တတ်တဲ့ပုဂ္ဂိုလ်လို့ အများက နားလည်သိမှတ် ကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပေါ်ပေါက်လာတဲ့အခါ ဒေါ်စုရဲ့မေတ္တာရပ်ခံမှုကြောင့် မလွှဲသာမရှောင်သာ အဖွဲ့ချုပ်ခေါင်းဆောင်အဖြစ် လက်ခံပြီး လူထုရဲ့ပြဿနာအ၀၀ကို မနားတမ်း ဖြေရှင်းပေးနေတဲ့သူအဖြစ် တွေ့မြင်ရပြန်ပါတယ်။

ဒီလိုထူးချွန်တဲ့ခေါင်းဆောင်မျိုးကို စစ်အစိုးရက လီဆယ်လုပ်ကြံပြီး ဦးဦးဖျားဖျား ဖမ်းဆီး ထောင်ချခဲ့ပါတယ်။ ကြေကွဲဖွယ် လုပ်ကြံခံရရှာတဲ့ သံမဏိသတင်းစာဆရာကြီးပါ။ အန်အယ်လ်ဒီရဲ့ အရေးအပါဆုံး အသည်းနှလုံးဆိုတာ စစ်အစိုးရကသိလို့ လက်ဦးဆုံး ဦးချိုးနှိမ်နင်းလိုက်ခြင်း ဖြစ်ပါတယ်။ ဒီလို ဒေါ်စုနဲ့ တွဲဖက်ညီလှတဲ့ ညာလက်ရုံးကို မသမာတဲ့အကြံနဲ့ ရိုက်ချိုးဖြိုခွဲဖို့ စစ်အစိုးရက ကောက်ကျစ်စဉ်းလဲစွာ ကြံစည်ခြင်းဖြစ်ပါတယ်။

(၃)
ခေတ်သစ်မြန်မာနိုင်ငံရဲ့ အတောက်ပြောင်ဆုံး သတင်းစာဆရာကြီး ဦးဝင်းတင် အသက် (၇၄) နှစ် ပြည့်ခဲ့ပြီ။ စိန်ရတုသက်တမ်းဝင်တော့မယ်။ အကျဉ်းထောင်ထဲမှာ အနိုင်မခံအရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ ကြံ့ကြံ့ခံ တိုက်ပွဲဝင်လျက်ရှိပါတယ်။

ဘီဘီစီမြန်မာပိုင်းသတင်းဌာနက ဦးကျော်သာဇံက အမှတ်တရလှုံ့ဆော်တဲ့အခါ ကျွန်တော်လည်း ကျွန်တော်တို့ လေးစားကြည်ညိုအပ်တဲ့ ဦးဝင်းတင်ရဲ့ဂုဏ်ကို သတိတရ ကဗျာဖွဲ့ဖြစ်ပါတယ်။ ကဗျာက ဒီလိုပါ။

ကလောင်အာဇာနည်

သတင်းစာဆရာတို့ရဲ့ ကလောင်
မီးရှူးတန်ဆောင်ပမာ။

အမှောင်ထုကိုခွင်း
အောင်ဆုနှင်းမယ့် အလင်းရောင်ပါ။

မြန်မာရွှေပြည်မှာ
ဟံသာဝတီ ဦးဝင်းတင် … တဲ့
ကမ္ပည်းတင် မော်ကွန်းထိုးရမယ့်
ပြည်သူ့အကျိုးကိုဆောင်
ကလောင်အာဇာနည်
မြန်မာပြည်ရဲ့သားကောင်းရတနာ။

စစ်ဝါဒီတွေကို ဒူးမထောက်
ခြိမ်းခြောက်သမျှ သူ မကြောက်
ယောက်ျားကောင်းပီပီ
နှိပ်စက်သမျှ ဘာမထီ
ဒီမိုကရေစီတိုက်ပွဲဝင်နေတဲ့
ဆံခြည်မျှင်ကလေးတောင်မတွန့်
ရဲ့ဝံ့တဲ့ တို့ဆရာ။

အမှောင်အောက်မှာ
ထောင်မကြောက် တန်းမကြောက်
လက်မမြှောက် အရှုံးမပေး
နှလုံးသွေးက ရဲရဲနီ
ကမ္ဘာတည်မယ့်စိတ်ဓာတ်
မြင့်မြတ်တဲ့ စိတ်ထားရှင်
သခင်ကလောင် အစဉ်ပြောင်တဲ့ဆရာ။
၇၄ နှစ်ပြည့်သူ့မွေးနေ့မှာ
အကျဉ်းစံ ပျော်မွေ့ရင်း
အကွေ့တွေကျော်၊ စု အသည်းကျော်
သူ့ရဲဘော်တွေနဲ့ အတူတွဲ
အောင်ပွဲဆင်မယ့် ပုဂ္ဂိုလ်ပါ။

ဒီဇမ္ဗူခေတ်မှာ
ပြည်သူချစ်တဲ့ သတင်းစာဆရာ
အတုပ်အနှောင် အချုပ်ထောင်ကလွတ်ပြီး
အောင်ပန်းဆွတ် အောင်ပန်းခိုင်တွေနဲ့
ပန်းတိုင်ဝင်ပါစေလို့
ဆုပတ္ထနာ ချွေလိုက်ပါရဲ့ ပြည်သူ့စေတနာ။

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဟာလည်း မင်္ဂလာတပါးပဲ မဟုတ်ပါလား။ ။

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၃၁)၊ ဧပြီ ၂၀၀၄





No comments: