Sunday, September 28, 2008

treasure of my life, poems from my heart - 03

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၃)

လှိုင်းတွေ ၀ုန်းခနဲ၊ ၀ုန်းခနဲ။

လှိုင်းမြောက်တော့ အရိုင်းတွေ ခုန်ပေါက်သလိုလို။

အရိုင်းတွေမဟုတ်ပါ။ လူထုလှုပ်ရှားမှု ဒီရေလှိုင်းကြီးပါ။ ခွပ်ဒေါင်းအလံက ရှေ့ဆုံးက။

ကျောင်းသားတွေ၊ ရဟန်းသံဃာတွေ၊ ၀န်ထမ်းတွေ၊ လုပ်သားပြည်သူတွေ၊ ရှေ့နေ ရှေ့ရပ်တွေ၊ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာတွေ၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင်၊ ပန်းချီပန်းပု ပညာရှင်တွေ … အို … ပြည်သူမှန်သမျှ အရွယ်မရွေး၊ လိင်မရွေး။

အို … ပြည်သူ့ရဲတွေ၊ ပြည်သူ့တပ်မတော်သားတွေတောင် ပါလိုက်သေး။ အုန်းအုန်းကျွတ်ကျွတ် တခဲနက်။

ဒီမိုကရေစီရေး၊ လွတ်လပ်ရေး၊ လူ့အခွင့်အရေး … စတဲ့ “တို့အရေး … တို့အရေး” တွေ၊ ကဗျာတွေ စပ်မိပြီ။ လှိုင်းလုံးကြီးရိုက်ခတ်သမျှ ကာရန်အစပ်အဟပ်တွေက တသီတတန်း တထမ်းတမကြီး ပေါ်လာပြီ။ နှုတ်ဆိတ်မနေနိုင်ပြီ။

“တံခါးဖွင့်ပါ”၊ တောင်းဆိုလာကြ ဧရာမလူထုကြီးပါတကား။ လက်မောင်းချင်းချိတ်ကြတယ်။ တံဆိပ်ချင်း ဖလှယ်ကြတယ်။ ရယ်သံတွေ သောသောညံခဲ့တယ်။

၁၉၈၈ ခုနှစ်က အသံများ။

သမိုင်းရဲ့ပုံရိပ်တွေက လူထုကြီးရဲ့မျက်နှာမှာ ထင်ဟပ်နေတယ်။ ပြိုးပြက်လက်လက်တောက်နေတယ်။ မျှော်လင့်ချက်တွေနဲ့ ရွှန်းရွှန်းမြနေတယ်။ အို … ကြည်နှုးလှိုင်းထ ရသသစ်များ။

အုပ်စိုးသူတွေဘက်က အသံတွေလဲ ကြားနေရတယ်။ မြေပေါ်မြေအောက် ဗကပ အဖျက်သမားတွေက သွေးထိုးလို့အခုလို မင်းမဲ့စရိုက်လှုပ်ရှားမှုတွေ ဖြစ်လာတာ … တဲ့။

လာပြန်ပြီ။ ထစ်ခနဲဆို ဗကပ၊ ထစ်ခနဲဆို ဗကပ၊ ၁၉၆၂ ခုနှစ် ဇူလိုင်လ (၇) ရက် အရေးတော်ပုံတုန်းကလဲ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းဝင် တကသအဆောက်အအုံကြီးကို ဗကပတို့ရဲ့ သူပုန်ဌာနချုပ်လို့စွပ်စွဲပြီး ဒိုင်းနမိုင်းနဲ့ ခွဲခဲ့ပြီး သွေးမခြောက်သေး။

ငါ့ကာရန်တွေ ခုန်ထွက်လာတယ်။

“တခါလာ ဗကပ၊
တခါလာ ဗကပနဲ့
ဟာသရသတောင် မြောက်ကုန်ပြီ” လို့။
“ဗကပကို လက်ညှိုးထိုး၊
ကိုယ့်ကျိုးကို အရနှိုက်၊
ဓားပြတိုက်နေသူတွေပါတကား”။

စစ်အုပ်စုရဲ့လုပ်ရပ်ကို ထင်းခနဲ ပြေးမြင်မိတယ်။ လင်းခနဲ သဘောပေါက်မိတယ်။ စစ်မြေပြင်ပေါ်ကနေ ပြည်သူလူထုထံ ကဗျာအသံတွေ လွှင့်မိတယ်။

“စစ်အားမကောင်းရင် ဂျစ်ကားတောင် မောင်းနိုင်မှာမဟုတ်ဘူး” လို့ စစ်အင်အားကိုသာ ပျိုးထောင်နေတဲ့ စစ်အုပ်စုရဲ့ သဘာဝကို ဖွင့်ပြဖို့ ကဗျာရေးမိတယ်။ “ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းများသို့” လို့ ညွှန်းလိုက်မိတယ်။

“စဉ်းစဉ်းစားစားလဲ လုပ်ကြပါအုံး။ အမှန်ကိုချစ်တာနဲ့ ကွန်မြူနစ်ဖြစ်ရရောလားဗျာ” လို့ အခြေမခိုင်တဲ့ သူတို့ရဲ့ ဆင်ခြေဆင်လက် တွေကို ဖြိုလိုက်မိပါတယ်။

လူထုအားလုံးရဲ့ဖြူစင်တဲ့နှလုံးက ပေါက်ဖွားလာတဲ့အသံပါ။ ထမင်းရေပူလာ လျှာလွှဲတတ်တဲ့ စစ်အုပ်စုရဲ့လုပ်ရပ်တွေပါ။
ဒီလိုနည်းနဲ့ ခြောက်စား၊ ဟောက်စားလုပ်လာတာ ကြာပြီမဟုတ်လား။

မြန်မာ့စိတ်ဓာတ်က ခွင့်လွှတ်တတ်တဲ့ စိတ်ဓာတ်၊ အားနာတတ်တဲ့ စိတ်ဓာတ်၊ အလွန်မြင့်မြတ်တဲ့ အမူအရာ၊ ရိုးသားပြီး စေတနာကောင်းတဲ့ အမူအရာ၊ ဒါကို လူတိုင်းသိ။

အဲဒီမြင့်မြတ်မှုကို အခွင့်ကောင်းယူ၊ အပျော့နှိုက်ချင်ကြတာ အံ့ပဲအံ့မိပါရဲ့။ စစ်အာဏာရှင်ကြီးက မြန်မာ့အကြောကိုသိပြီး မိမိရရ အသုံးချခဲ့တယ်။ ရက်စက်ပါပေ့ကွယ်။

ဒါပေမယ့် မြန်မာလူထုဟာ သဘောကောင်းပေမယ့် လူညံ့မဟုတ်။ ထုံပေပေ နုံအအ ဖိုးသုညမဟုတ်။ စစ်သူရဲတွေ ဂုတ်ခွစီးလို့ ဒုက္ခမီးလောင်နေပေမယ့် သည်းခံနိုင်တဲ့အစွမ်းရှိသလောက် သည်းခံခဲ့တယ်။ ဒီနေ့တော့ လွန်လွန်းလာပြီ။ အတိုင်းအတာထက် ကျော်လာပြီ။ ဂိတ်ဆုံးရောက်ပြီ။

ခွပ်ဒေါင်းအလံ မိုးသို့ပျံပြီး ဒီမိုကရေစီတော်လှန်ရေး ဟစ်ကြွေးကြလေပြီ။ ရေကာတာကျိုးသလိုဝေဒနာဆိုးတွေ သွန်ချခဲ့လေပြီ။

၁၉၈၈ ခုနှစ် သြဂုတ်လ။

သြဂုတ်လရဲ့ မိုးရေစက်တွေထဲမှာ အလံ၊ ရင်ထိုးတံဆိပ်၊ ခေါင်းစည်းနီ၊ လည်စီးနီ၊ လက်ပတ်ပ၀ါတွေနဲ့ မိုးချုန်းသံများ၊ ပေါက်ကွဲသံများ၊ ကြွေးကြော်သံများ …။

“လူ့သမိုင်းမှာ တုနှိုင်းမရ
တက်ကြွမျက်နှာ ညီညာလက်ချိတ်
ရဲဘော်စိတ်တွေနဲ့ …။
ဘုရားသွား ကျောင်းတက်
အေးချမ်းလက်ဖြင့်
ပြုံးမျက်နှာပေး နှလုံးအေးသည့်
မုန်းသွေးမပါ၊ တို့မြန်မာတို့၏
မူရာပြောင်းလဲ၊ အံ့ဖွယ်သူရဲပင်…။
တခဲနက်ဟိန်း၊ မိုးသို့ခြိမ်းလျက်
စိမ်းလန်းတောတောင်၊ မီးကြီးလောင်သို့
သန်းခေါင်ညများ၊ တုန်လှုပ်သွားပြီ
တံခါးဖွင့်ပါ၊ တံခါးဖွင့်ပါ…” တဲ့။

ကဗျာနဲ့ မှတ်တမ်းတင်မိတော့တယ်။ သွေးစက်နဲ့ သွေးကွက်တွေ ထွေးယှက်ကုန်တော့တယ်။

ဟုတ်ကဲ့။ သန်းခေါင်ညများ၊ တုန်လှုပ်သွားပြီ။ တကယ်ပါပဲ။ ပဲ့တင်သံတွေ ဟိန်းဟိန်းညံနေပါပြီ။

အယုတ်အမာပဂေးတို့၊ ဆုတ်ခွာပြေးကြပေတော့ … တဲ့။ မမေ့နိုင်တဲ့ သံစဉ်များပါ။ ။

တင်မိုး

ခေတ်ပြိုင်ဂျာနယ် အတွဲ (၉၀)၊ နိုဝင်ဘာ ၂၀၀၀



No comments: