Monday, September 29, 2008

treasure of my life, poems from my heart - 29

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၂၉)

၁။
ရွှေလိုဝင်းဝါ မိမြန်မာဟု
ကိုယ့်ရွာရနံ့၊ တပျံ့ပျံ့ကို
ရှုအံ့သောငှာ၊ ငါရောက်လာခဲ့”

အိမ်လွမ်းဝေဒနာ။ တယ်လဲအစွဲကြီးတဲ့ စိတ်ရောဂါပေပဲ။ တိမ်းလွယ်၊ ညွတ်လွယ်တဲ့အရွယ်၊ မေ့လွယ်၊ ပျောက်လွယ်တဲ့ အရွယ် ဆိုရင်တော့ သက်ဆိုင်ရာဒေသပတ်ဝန်းကျင်မှာ ပျော်ဝင်သွားနိုင်တာပေါ့လေ။ ဒါပေမဲ့ အသက်အရွယ်ကြီးပြန်တော့ သံယောဇဉ်မီးက တဟုန်းဟုန်း။

မေတ္တာရွှေရည်

“မြဘုရားသို့ လက်အုပ်ချီ
ဘန်ကောက်ရောက်ပြန်ပြီ။
စေတီပုထိုး ကြာနှယ်ဖြိုး
ဗုဒ္ဓအမျိုး ငါရှိခိုး။

မနှစ်ကလဲ ဘန်ကောက်၊ သည်တနှစ်လဲ ဘန်ကောက်။ မြဘုရားကို မှန်းရည်ပြီး လက်အုပ်ချီကန်တော့မိတယ်။ ငါတို့နိုင်ငံလို ဗုဒ္ဓဘာသာနိုင်ငံပါတကား။ အယူဝါဒရေးရာနဲ့ သွေးချင်းသားချင်းတော်စပ်တဲ့ ရင်ဘတ်မိတ်ဆွေပါတကား။

အနောက်နဲ့အရှေ့ သိမ်မွေ့ပုံမတူ။ အနောက်သိမ်မွေ့ပုံက ပွင်းလင်းရဲတင်းတယ်။ ရိုးသားဖြောင့်မတ်တယ်။ အရှေ့သိမ်မွေ့ပုံက ယဉ်ကျေးဖွယ်ရာတယ်။ အရိုအသေနေရာပေးတယ်။ ကာယကံ ၀စီကံ ထိန်းသိမ်းတယ်။ အလှတမျိုးစီလို့ ဆိုရပေမယ်။ ယိုးဒယားနဲ့မြန်မာ အမူအရာချင်းလဲ မတိမ်းမယိမ်း။ သွေးသားအရင်းအချာမို့ ဘယ်အခါမှမစိမ်း။ “ဆ၀ါဒီခပ်” နဲ့ “မင်္ဂလာပါ” ယဉ်ကျေးမှုတမိထဲဖွားသူပါ။ ဒါ့ကြောင့် …

“ထောက်ထားစာနာကူညီရှာ
နူးညံ့သိမ်မွေ့စွာ
ဗုဒ္ဓဘာသာ သူတော်ကောင်း
မေတ္တာရွှေရည်လောင်း။” လို့
ကဗျာအဆုံးသတ်လိုက်တယ်။ မေတ္တာရဲ့ အငွေ့အသက်တွေ ထုံကြိုင်မွှေးလှိုင် ဘ၀ဂ်ကောင်းကင်တိုင်။

(၂)
ဘန်ကောက်နံနက်ခင်းက နှင်းဝေတဲ့ နံနက်ခင်းမဟုတ်။ ဒါပေမဲ့ သပိတ်ပိုက်လာတဲ့ သံဃာတော်များကို ဆွမ်း၊ ဆွမ်းဟင်း လောင်းလှူတဲ့အလေ့နဲ့ သိမ်မွေ့နူးညံ့ အာရုံသန့်တဲ့ မနက်ခင်းဖြစ်တယ်။ ခေါင်းလောင်းသံ၊ ထိုးစည်သံ၊ အုန်းမောင်းခေါက်သံတို့နဲ့ သာယာနေတဲ့ ရွှေမြန်မာတို့ရဲ့ မနက်ခင်းမျိုး ဖြစ်ပါတယ်။ ကိုယ့်မြန်မာကို သတိရလွမ်းဆွတ်စရာကလေးတွေ ကြုံရပြန်ပြီ။ ဒေါ်ဘေဘီ၊ မသူဇာ၊ မငွေတို့ စီမံချက်ပြုတ်ကျွေးတဲ့ ဟင်းလျာကလေးတွေကလဲ မြန်မာရနံ့မွှေးနေပြန်ပါရဲ့။

“အုန်းထန်းပေလက်၊ တမာခက်
ဝန်းယှက်ရိပ်ကောင်း၊ ဘုန်းကြီးကျောင်း
သပိတ်ပိုက်ချိန် ဆွမ်းလှူလောင်း
ခေါင်းလောင်းထိုးစည် သံသာညောင်း
ရွှေတိုင်းပြည်က ဓလေ့ကောင်း။” လို့ ပထမပိုဒ်မှာ မနက်ခင်းမြင်ကွင်းကလေးကို ဖွဲ့မိတယ်။

ဒုတိယအပိုဒ်မှာတော့ …
“ရွှေနှင့်နီးရာ၊ အရှေ့ရွာ
ကျွန်ုပ်ရောက်လို့လာ။
မြန်မာဟင်းလျာ ငပိချက်
ခရမ်းသီးနု ဆလတ်ရွက်
ငါ့လျှာမြိုးမြိုးမြက်
ရွှေပြည်အိပ်မက် လွမ်းသက်သက်။” လို့ အလွမ်းတေးကို မသီကြွေးဘဲမနေနိုင်။
မျက်ရည်စမ်းစမ်းနဲ့ လွမ်းငွေ့သမ်းခဲ့မိပါတယ်။

(၃)
မဲဆောက်မြို့ကလေးဆီ ဦးတည်မောင်းလာတဲ့ ကားကလေးက တပ်ခ်မြို့ကလွန်တော့ တောင်တက် လမ်းကလေးပေါ် တက်လာခဲ့တယ်။ မြွေလိမ်မြွေကောက် လမ်းကလေး ဆိုပါတော့။ “သာယာလိုက်တာနော်” လို့ နှုတ်ကမဆိုဘဲ မနေနိုင်။ တောင်တွေက အမြင့်ကြီးလို့လဲ မဆိုသာ။ ပြာပြာ နှမ်းနှမ်း လွမ်းလို့ကောင်းရုံကလေး။ “တောင်ခြေစခန်း မောင်ရေလှမ်းခဲ့နော်” လို့ ဖိတ်ခေါ်နေသလိုလို။ ဈေးတန်းကလေးကလဲ အေးချမ်းတဲ့အရေးကို ပြနေလေရဲ့။ ဒီလိုနဲ့ “တောင်တက်လမ်းကလေး” ကဗျာတစ စိတ်ကူးထဲက ပေါ်လာတယ်။

“တပ်ခ်မြို့ကအထွက်
မဲဆောက်တက်တဲ့
တောင်ပေါ်လမ်းကလေး။
တောင်ကြိုတောင်ကြားမှာ
မှောင်ခိုတွေ သွားနေရှာသလားကွယ်။
တောင်ယာခင်းကလေးနဲ့
မြူနှင်းဝေစ၊ ဆောင်းဦးလ။
မြန်မာ့ရွှေမြေနဲ့
တထေရာတည်း တူလေစွ
ဈေးတန်းကလေးက ချစ်ဖွယ်ပ။”

အို … မေမြို့အတက်လမ်း (၂၁) မိုင်က စခန်းလိုလို ဘာလိုလို။ သရက်ပင်တွေကလဲ ဝေေ၀စည်စည်၊ ကုက္ကိုတန်းအပင်ကြီးတွေကလဲ ထီးလိုအုပ်မိုး။ ရွှေချိုးကလေးကလဲ တကူကူးကူ … တဲ့။ တောင်တွေရဲ့ တဖက်မှာ အောင်မြေပန္နက်ရိုက်ရမဲ့ တို့နိုင်ငံရှိလေရဲ့။

ဟိုဘက်ကမ်းဆီ ပျံသန်းချင်သလိုလို။ သည်ဘက်တောမှပဲ အမောဖြေချင်သလိုလို။

“လွတ်လပ်မှုဈာန်တန်ခိုးနဲ့
မြေလျှိုးမိုးပျံ၊ ကိုယ့်နိုင်ငံဆီ
ငှက်လို ပျံသန်းချင်ပါသည်။” လို့ ကိုယ့်ဆန္ဒကလေးနဲ့ ကဗျာကို အနားကွပ်ပေးလိုက်မိပါတယ်။

ဒီလိုသာယာကြည်နူး ကဗျာဈာန်မြူးနေတုန်း ဓမ္မနဲ့အဓမ္မ စဉ်းစားစရာပေါ်လာပြန်တယ်။ ဓမ္မကမြဲတယ်။ အဓမ္မက မမြဲဘူး။ ကိုယ့်ပြည်သူ ကိုယ့်တိုင်းရင်းသားတွေအပေါ် မတရားနှိပ်စက်လုယက်ဖျက်ဆီးရင် အဓမ္မသစ်ငုတ်ဖြစ်မယ်။ အပြစ်အလွန်ကြီးတယ်။ တောင်ထက်ကြီးတဲ့အပြစ်။ ပြေးလို့လွတ်နိုင်ဖွယ်မရှိ။

နောင်တမရ ၀န်မချရင်တော့ ဓမ္မကွယ်ပျောက် ငရဲရောက်မှာအမှန်ပဲ။ နှိပ်စက်သူဟာ ကျောက်ဆောင် မဟုတ်။ သစ်ငုတ်လို အငုတ်အစူးမျှသာပဲ။ တနေ့နေ့ အမြစ်ပုပ်ပြီး ပြုတ်ပြုတ်ပြုန်းမှာပဲ။ ဒီသဘောကို အတွေးအိမ်ထဲမှာပေါ်လာတော့ …

“ရိုင်းလေစွအလုပ်
လှိုင်းလေကပုတ်
တနေ့နေ့ ဆွေးမြေ့အမြစ်ပြုတ်” ရယ်လို့ အခြေမခိုင်တဲ့ အဓမ္မမှုကို သံဝေဂရှုပြီး ကရုဏာပွားမိပြန်ပါရော။ ။

မူရင်း - ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၁၇)၊ ဖေဖော်ဝါရီ ၂၀၀၃





No comments: