Tuesday, November 7, 2006

Maung Tha Noe

မောင်သာနိုး (သို့မဟုတ်) အဖြီးအဖြန်း မကြိုက်သူ
တင်မိုး

လူပုံပန်းက အရပ်အမောင်း ခပ်လတ်လတ်၊ အသားအရေက အညာသွေးညိုညို၊ မျက်နှာက မချို၊ ခပ်တင်းတင်း၊ အသံသြဇာက ကောင်းကောင်း၊ တစေ့တစောင်း အကဲခတ်ရရင် မာနသံ၊ ရာဇမာန်ပေါက်ဟန်ရှိ။

အဲဒါဟာ မန်းတက္ကသိုလ် ကျောင်းသားခေါင်းဆောင် နာမည်ကျော် မောင်သာနိုးရဲ့ ရုပ်ပုံလွှာပါပဲ။ အင်္ဂလိပ်စာတတ်တယ်၊ သတ္တိဗျတ္တိရှိတယ်။ မဟုတ်မခံ တော်လှန်ရဲတဲ့စိတ် ရှိတယ်လို့ နာမည်ကြီးတယ်။
သူ့အဖိုးက တိုင်တားမင်းကြီး။ သီပေါခေတ်မှာ တန်ခိုးကြီးတဲ့ဝန်ကြီး။ ခက်ထန်တယ်လို့ ကျော်စောတယ်။ မောင်သာနိုးဟာ တိုင်တားမင်းကြီးရဲ့ ဓာတ်ပုံနဲ့ တော်တော်ဆင်တယ်။

`ကံကောင်းလို့ပေါ့ဗျာ … ကုန်းဘောင်ခေတ်မှာသာ ကျွန်တော်တို့လူဖြစ်ခဲ့ရင် မောင်သာနိုးရဲ့ တတောင်နဲ့ အထောင်းခံရမဲ့ ကိန်းပဲဗျ´လို့ ကျွန်တော်တို့ကပြောရင် ပြုံးစေ့စေ့လုပ်နေတတ်တယ်။

တကယ်တမ်းကျတော့ မောင်သာနိုးဟာ အနေအထိုင် စည်းကမ်းကြီးတယ်။ ဖြစ်ကတတ်ဆန်း မနေတတ်။ လောကွတ်စကား မဆိုတတ်။ စကားကို တိုတိုပြတ်ပြတ်ပြောတတ်တယ်။ တိတိကျကျ ပြောတတ်တယ်။ တောင်စဉ်ရေမရ ပြောတာကို မကြိုက်။ မကြိုက်ရင် ဟန်မဆောင်။ ငေါက်တတ်တယ်။ သူ့ကို ကြည်ညိုကြပေမဲ့ အနီးအနား ရဲရဲမကပ်ဝံ့။ စိတ်တိုင်းမကျရင် ဟောက်လိုက် ငေါက်လိုက်မှာကို ကြောက်ကြတယ်။

သူက ကျောင်းသားညီညွတ်ရေးတပ်ဦး စည်းရုံးရေးအတွက်ရည်စူးပြီး တက္ကသိုလ် အင်္ဂလိပ်စာ ပြဋ္ဌာန်းစာအုပ်တွေကို သင်ပေးတယ်။ အင်္ဂလိပ်စာ မလိုက်နိုင်တဲ့ နယ်ကျောင်းသားတွေ တိုးမပေါက်အောင် စာလိုက်ကြတယ်။ တ.က.သ ခန်းမကြီးတောင် မဆန့်ဘူး။

စာသင်ပုံကလဲ ရှင်းလင်းပြတ်သား တိကျတယ်။ သူရေးပေးတဲ့ အမေးအဖြေတွေကလဲ ကောင်းတယ်။ ကျောင်းသားဘ၀ ကတဲက `ဆရာဦးသာနိုး´လို့ ဟိုးဟိုးကျော်နေပြီ။

ကျောင်းသားအရေးတွေကို တဖက်က ရဲရဲဝံ့ဝံ့ထမ်းဆောင်တယ်။ တဖက်က လူထုသတင်းစာမှာလဲ အချိန်ပိုင်း အယ်ဒီတာ လုပ်တယ်။ မောင်သိင်္ဂါအမည်နဲ့ ၀တ္ထုတိုကလေး ကဗျာကလေးရေးတယ်။ မော်စီတုန်းရဲ့ ပဋိပက္ခကျမ်း စသည်တို့ကိုလဲ ဘာသာပြန်တယ်။

၁၉၅၇ ခုနှစ်က ကျွန်တော်နဲ့ မောင်သိန်းနိုင် (ဂုဏ်ထူး) တို့ မောင်သာနိုးကို ကိုယ်တိုင်မိတ်ဆက်ဖို့သွားကြတယ်။ အဲဒီတုန်းက ကိုသာနိုးက မေမြို့ကိုစိန်မောင် (ပန်းချီ) နဲ့ ရွှေပြည်အေးဆောင်မှာ နေတာကိုး။

ကျွန်တော်တို့ သူ့အခန်းထဲဝင်သွားတော့ စာကူးစက်တလုံးနဲ့ သူက `Fighting Peacock´ဆိုတဲ့ အင်္ဂလိပ်လို နံရံကပ်စာစောင် ရေးနေတုန်း။

ကိုသိန်းနိုင်က ကျွန်တော့်ကိုယ်စား မိတ်ဆက်ပေးတယ်။ လူထုဂျာနယ်မှာ `ကန်မြဲနန်းမြင့်နွယ်´ဆိုတဲ့ နာမည်နဲ့ ကဗျာ ရေးသူပါလို့ ပြောတော့ `အဲ … ခင်ဗျာ့ကဗျာတွေကို လူထုအယ်ဒီတာ ကိုသူရ (ရှမ်းပြည်) က သိပ်ကြိုက်တာပေါ့ဗျာ။ ကျွန်တော်ကတော့ ကလောင်နာမည်မြင်တာနဲ့ မဖတ်ချင်တော့ဘူးဗျ´လို့ ပွင့်ပွင့်လင်းလင်း ဒဲ့ဒိုးပြောချလိုက်ပါတယ်။ ဒီလိုနည်းနဲ့ ခင်မင်ရင်းနှီးသွားကြတာပေါ့လေ။

သူက ရဲဘော်ကောင်း ခေါင်းဆောင်ကောင်းဖြစ်သလောက် ဆရာကောင်းလဲဖြစ် တပည့်ကောင်းလဲ ဖြစ်ပါတယ်။

၁၉၆၇ အင်းစိန်ထောင်က နောက်ဆုံးလွတ်ပြီး ရန်ကုန်တက္ကသိုလ် မြန်မာစာ မဟာဝိဇ္ဇာတန်း တက်ပါတယ်။ ကျူတိုရီယယ် သင်တန်းတွေကအစ တချိန်မှ အလွတ်မခံ၊ မှန်မှန်ကျောင်းတက်၊ မှန်မှန်လေ့ကျင့်ခန်းတွေ လုပ်ပါတယ်။ အတန်းခန်းထဲမှာ ဆရာ ဆရာမက စာမေးရင် ကလေးငယ်တယောက်လို လက်ညှိုးးထောင်ပြီး စာဖြေပါတယ်။ မာန်မာန လုံးဝမရှိပါဘူး။ ဆရာ ဆရာမတွေက ကိုသာနိုးအကြောင်း ကြားဖူးပြီးသားမို့ သူအတန်းထဲရှိနေရင် စာကောင်းကောင်း မသင်ရဲပါဘူး။ နောက်တော့ သူ့ရဲ့ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုး မာန်ချိုးနှိမ်မှုကြောင့် ဌာနတခုလုံးက ချစ်ခင်လေးစားခံရတဲ့ ကျောင်းသားကောင်းလို့ နာမည်မွှေးပါတယ်။

`တပည့်ကောင်း ဖြစ်ခဲ့လို့လဲ ဆရာကောင်းဖြစ်ပေတာပဲ´လို့ ကျွန်တော်တို့က မှတ်ချက်ချမိကြတယ်။ အဲဒီအချိန်မှာ နိုင်ငံခြား ဘာသာသင်ကျောင်းမှာလဲ ရုရှားဘာသာ တက်နေသေးတယ်။ စည်းကမ်းရှိတဲ့ ကလေးငယ်တယောက်လို စနစ်တကျ ကျိုးကျိုးနွံနွံသင်ယူလေတော့ အတန်းမှာ ပထမရတာ မဆန်းပါဘူး။

ဦးသာနိုးဟာ ဖြီးတာ ဖြန်းတာ ဖားတာကို အလွန်မုန်းပါတယ်။ အပေါ်ယံကြည့်ရင် ပညာမာနနဲ့ ငါကွလို့ လက်မထောင် တတ်သူလို့ ထင်ဖွယ်ရှိပါတယ်။ တကယ်တတ်ကျွမ်းပြီး ရိုးသားတဲ့ပညာရှင်တွေကို အလွန်ရိုသေပါတယ်။ တပည့်ခံပါတယ်။

ခုတော့ စာရေးခြင်း၊ အင်္ဂလိပ်စာသင်ခြင်းနဲ့ နာမည်လဲကြီး ချမ်းလဲချမ်းသာနေပါပြီ။ သာဓု … သာဓု …။ ။

(မူရင်း-ဧရာဝတီ)

No comments: