Sunday, September 28, 2008

treasure of my life, poems from my heart - 12

ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၁၂)
"---၁၉၈၈ နောက်ပိုင်းမှာ သမိုင်းကလဲ ရိုင်းရိုင်း၊ အုပ်စိုးသူတွေကလဲ ရိုင်းရိုင်းဆိုတော့ ကျွန်တော့် အာရုံထဲမှာ ခပ်ရိုင်းရိုင်းအသံတွေချည်း ကြားနေရတယ်။ တရားမမျှတ၊ အစားမ၀တ၀၊ ခါးမလှတလှလို့ ညည်းကြ၊ ညူကြတဲ့အသံတွေချည်း ကြားနေရတယ်။ ဒီတော့ သဒ္ဒါလင်္ကာရ ဘယ်လိုလုပ်လှနိုင်ပါ့---"


(၁)
ကဗျာက ကျွန်တော့်ငယ်ချစ်ဦး။ စာဖတ်ခါစအရွယ်မှာပဲ ကဗျာနဲ့တွေ့ခဲ့၊ ကဗျာနဲ့မွေ့လျော်ခဲ့တယ်။ ကဗျာပိုဒ်ကလေးတွေဟာ ကျွန်တော့်နှုတ်ဖျားပေါ်မှာ ဆော့ကစားနေခဲ့တယ်။ ကာရန်ကလေးတွေက သံစုံမြည်နေတယ်။ မိုးဦး ပစ္ဇုန် သံစုံကျူးနေသလိုပေါ့။

လွတ်လပ်ရေးရတဲ့နှစ် ထင်ပါရဲ့။ သီတင်းကျွတ်မီးထွန်းပွဲမှာ ကိုရင်ကလေး ရှင်ဣန္ဒာလောက (ကျွန်တော့်ရဲ့ ကိုရင်ဘွဲ့)ဟာ သူနေတဲ့ မြေစိုက်ကျောင်းကလေးရှေ့ လမ်းလျှောက်နေတယ်။ ကျောင်းရှေ့မှာ မီးပုံးကလေးတွေ ပဒေသာပင် ဆင်ယင်ထားတယ်။ ကိုရင်ကလေးဟာ စာရွက်ကလေးတရွက်ပေါ်မှာ “စေတနာ ဖြူကာဆွပါလို့ ပဒေသာလှူဒါနရယ်နဲ့ ပူဇာစမင်္ဂလာ” ဆိုတဲ့ လေးချိုးကဗျာလေးတပုဒ်ရေးတယ်။ ပြီးတော့ မီးပဒေသာပင်မှာ ကပ်လိုက်တယ်။ ဆီမီးရောင်ကလေးမှာ ကိုရင်ကလေးရဲ့ ကဗျာပီတိ ၀င်းထိန်နေပေလိမ့်မယ်။

ဒါဟာ ကျွန်တော့်ရဲ့ ပထမဦးဆုံး ကဗျာပိုဒ်ကလေးပါ။ ဆရာတော်က ကျောင်းဆောင်အသီးသီးက မီးထွန်းပွဲကို လှည့်လည်ကြည့်ရင်း သီရိမင်္ဂလာကျောင်းရှေ့က ပဒေသာပင်မှာ ကဗျာကလေးတပုဒ် တွေ့သွားတယ်။ ပြုံးရိပ်သန်းနေတဲ့မျက်နှာနဲ့ ကွမ်းနံ့သင်းနေတဲ့ ဆရာတော်ရဲ့နှုတ်က “ဒီကဗျာ ကိုရင်ကလေးရေးတာလား” လို့မေးတယ်။ ကိုရင်က ကြည်နူးပီတိ တအိအိနဲ့ “တင်ပါ့ဘုရား” လို့ လျှောက်လိုက်တယ်။ ဆရာတောက်က ခေါင်းတဆတ်ဆတ်ညိတ်ပြီး ပြုံးပြုံး … ပြုံးပြုံးနဲ့ ဆက်လက် ကြွသွားတယ်။ အဲဒါ ကျွန်တော့်ရဲ့ကဗျာခရီး အစပါ။

အဲဒီကတဲက ကဗျာဟာ ကိုယ်နဲ့မကွာ အရိပ်ပမာ ပါလာပါတော့တယ်။

(၂)
သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြေမှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို … တဲ့။

ဆရာမင်းသုဝဏ်ရဲ့ “သပြေညိုကဗျာ” နှုတ်ကမချ တဖွဖွရွတ်မိတယ်။ ရွတ်လို့ဆိုလို့ ကောင်းလိုက်တယ်။ သံစဉ်တီးလုံး ကလေးတွေက ပြေလို့၊ ချောလို့။ ရွတ်ရင်း ရွတ်ရင်း ဘုရားစင်ရှေ့က ပုဆစ်တုပ်ဦးချနေတဲ့ အမေ့ရုပ်ပုံလွှာကို မြင်ယောင်တယ်။ ကမ္ဘာတခွင် သတ္တ၀ါအများ မာပါစေ၊ သာပါစေ ဆုချွေသံစကား ပျားသကာလို ချိုလှတယ်။ အမေ့လက်ထဲကပန်းက သပြေပန်း။ သပြေပန်းဆိုတာက အောင်ပန်း “အောင်ပါစေ … သပြေညိုဆိုတဲ့ ပန်းရယ်နဲ့ ရေချမ်းကိုလောင်း” ဆိုတဲ့ အောင်စည်ရွမ်းသံနဲ့ လန်းဆန်း နေတဲ့ပန်း။ အလောင်းဘုရားရဲ့ ရွှေဘိုအောင်မြေကလာတဲ့ပန်း။

ကျွန်တော့်နှလုံးသားမှာ အားမာန်နှိုးတဲ့ကဗျာ။ အသံကောင်း အနက်လှကဗျာ။ မမေ့နိုင်တဲ့ကဗျာ။

(၃)
ကဗျာလေးတွေကို ကိုယ်ပိုင်ရေးဖွဲ့တဲ့အခါ “သပြေညို” စာဆိုလို အသံစီးဆင်းပုံ သာချင်တယ်။ အဖုအထစ် အဆစ်အမျက်မရှိ။ ပြေပြစ်ချင်တယ်။ မြန်မာကဗျာရဲ့ သဒ္ဒါလင်္ကာရ၊ အတ္ထာလင်္ကာရအလှနဲ့ ပြည့်စုံအောင် ဖန်တီးချင်တယ်။ အသံသွား အသံလာချောမောအောင် ကြိုးစားချင်တယ်။ နားထဲမှာကြားယောင်၊ မျက်စိထဲမှာ မြင်ယောင်ဖြစ်အောင်ဆိုကြည့်၊ ရွတ်ကြည့်၊ စမ်းသပ်ပြီး ဖွဲ့ကြည့်တယ်။

အညတြ ဖန်မီးအိမ်ကလေးရဲ့ ဂုဏ်ကိုပေါ်လွင်အောင် …

“သူ့အဆင်းသည်
နေမင်းပမာ၊ သော်တာအလား
မ၀င်းငြားလည်း
သူ့အားသူ့မာန်၊ သူပိုင်ဟန်ဖြင့်
သူသန်ရာမှ၊ ဤလောကကို
အလှဆင်လိုဟန်တကား” လို့ဖွဲ့လိုက်တယ်။

သူဟာ ကြီးကြီးကျယ်ကျယ် ထည်ထည်ဝါ၀ါ ခမ်းခမ်းနားနား မဟုတ်ပေမယ့် သူတတ်စွမ်းသမျှ ဒီလောကကို အလှဆင်ယင်လိုတဲ့ စေတနာပါ … တဲ့။

နောက် “အလှကိုယ်စီ” ကဗျာမှာ

“ဖိုးလမင်းလည်း
သူ့အဆင်းနှင့် အလင်းနှင့်”။

အဲဒီလို ကဗျာကို စတင်လမ်းခင်းပြီး လူသားမှန်သမျှ နိမ့်ကျသည်၊ မြင့်မားသည်မရှိ၊ အစွမ်းအစ အလှဂုဏ်နဲ့ပြည့်စုံသူချည်းသာတည်းလို့ လူသားစွမ်းအင်ကို အမွန်းတင်ချင်တာနဲ့ ဒီလိုရေးမိတယ်။

“သူ့ဂုဏ် သူ့သိမ် သူ့အရှိန်နှင့်
အချိန်အခါနေရာဒေသ ဌာနအလျောက်
အရေးရောက်သည် စွမ်းလောက်နိုင်သူ ချည်းတကား”

တဲ့ နောက် လူထုသတင်းစာက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့မွေးနေ့တိုင်း အထူးထုတ်လေ့ရှိတယ်။ ဆရာကြီးရဲ့ (၈၇) နှစ်ပြည့် မွေးနေ့အထူးထုတ် လူထုသတင်းစာမှာ

“ကွမ်းအစ်တလုံး၊ ယောင်တထုံးနှင့်
ရင်ဖုံးအင်္ကျီ၊ ဖျင် ပင်နီနှင့်
ယောထည်ပုဆိုး၊ မှင်ကြောင်ထိုးနှင့်
အဖိုးက၀ိ၊ ပညာရှိ”

လို့ ဆရာကြီးရဲ့ရုပ်ပုံလွှာကို ကြည်ညိုဖွယ်ဖြစ်စေလိုတဲ့ စေတနာနဲ့ ဖွဲ့ဆိုမိတယ်။

“သူ့ကျွန်မခံ၊ မျိုးမာန်မချ
မခံသူ့အောက်၊ မမြှောက်သူ့လက်
မမက်ကျွန်ဆု၊ မမှုကျွန်ဘွဲ့
မငဲ့ကိုယ်ကျိုး၊ ဤအဖိုး …”

လို့ ဆရာကြီးရဲ့ ဘ၀အဆစ်အပိုင်းကလေးများကို ဖျတ်ခနဲ ဖျတ်ခနဲ မြင်ယောင်စေလိုတဲ့ စေတနာ အရင်းခံပြီး အသံတန်ဆာ အလင်္ကာဆင်မိပါတော့တယ်။

အခုအခါမှာလဲ ဒီလိုကြည်ညိုစရာ၊ လေးစားမြတ်နိုးစရာ၊ ကြည်နူးချမ်းမြေ့စရာတွေကို ဖန်တီးချင်လှပါတယ်။ ကြိုးစားကြည့်ပါတယ်။

ဒါပေမယ့် ၁၉၈၈ နောက်ပိုင်းမှာ သမိုင်းကလဲ ရိုင်းရိုင်း၊ အုပ်စိုးသူတွေကလဲ ရိုင်းရိုင်းဆိုတော့ ကျွန်တော့် အာရုံထဲမှာ ခပ်ရိုင်းရိုင်းအသံတွေချည်း ကြားနေရတယ်။ တရားမမျှတ၊ အစားမ၀တ၀၊ ခါးမလှတလှလို့ ညည်းကြ၊ ညူကြတဲ့အသံတွေချည်း ကြားနေရတယ်။ ဒီတော့ သဒ္ဒါလင်္ကာရ ဘယ်လိုလုပ်လှနိုင်ပါ့။

(၄)
ကိုယ့်ကိုယ်ကိုလဲ အားမရ။ ကိုယ့်ကဗျာအပိုင်းအစတွေကလဲ မလှမပနဲ့မို့ ရသမပြည့်စုံတဲ့ ကဗျာ့ဘုံဖြစ်နေရပါတယ်။ ဒီတော့ ခုလိုညည်းချင်းကဗျာ သံဝေဂစာများကို ရေးမိတော့တာပေါ့ဗျာ။

ခေတ်ရဲ့သဒ္ဒါလင်္ကာရ
စာလုံးတွေမလှ နှလုံးကြေမွ
အမုန်းတွေ ပြနေရော့ထင့်။

ဟန်တွေ မာန်တွေ နုသစ်အောင်
သဏ္ဌာန်တွေ သံပြေထုဆစ်ကြည့်တော့
အဖုအထစ်တွေဗြုတ်ထ
ဒုက္ခပါကလား ကွယ်ရို့။

ဆိုလိုက်တိုင်း အသံမလှ ဌာန်မကျ
အိုဘယ့် သဒ္ဒါလင်္ကာရ။

ကာရန်က ကျည်ဆန်ဖြစ်တော့
အချစ်က အမုန်းပြောင်း
နှလုံးကောင်းနိုင်ပါဦးတော့မလားကွယ်။

ငါဆိုချင်တဲ့တေးက
စနစ်ပျိုပျို အချစ်ချိုချိုနဲ့
အသစ်ဆိုတဲ့ ခေတ်ကြိုတေး။ ။

တင်မိုး

ခေတ်ပြိုင်ဂျာနယ် အတွဲ (၁၀၀)၊ စက်တင်ဘာ ၂၀၀၁




No comments: